ကျွန်မက နူးပန်ပါ။ တိုင်းရင်းသားဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့ အတူ တင်ဆက်ထားပါတယ်။
ကြံ့ဖွံ့ပါတီက ဖားကန့်မှာ ငွေပေးပြီး စည်းရုံးရေး လုပ်နေ
ကချင်ပြည်နယ်၊ ဖားကန့်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်ဟာ ဖားကန့်ဒေသမှာ တစ်အိမ်တက်ဆင်း ငွေအကြွေတွေလိုက်ဝေပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
ဆယ်အိမ်မှူး ရာအိမ်မှူးတွေကနေတဆင့် ပေးနေတာဖြစ်ပြီး ဗိုလ်ချုပ်ဟောင်း အုန်းမြင့်ကို မဲထည့်ဖို့ ပြောတယ်လို့ ဖားကန့်က လူငယ်တယောက် ပြောပါတယ်။ သူတို့ အိမ်ကတော့ ကျပ်တစ်သောင်းရှိတဲ့ ရာတန်တစ်အုပ်နဲ့ ၅၀ တန် အကြွေစေ့တွေ ရတယ်လို့ ပြောပါတယ်။
အခုဆိုရင် ဖားကန့်မြို့၊ ဆိုင်းတောင်၊ လုံးခင်းကျေးရွာတွေမှာ ကေအိုင်အို ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကန်စီးကျေးရွာတွေအထိ လိုက်ဝေပြီးဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း သိန္နီမှာ မ. ယ. က ငွေကောက်ခံနေခြင်း
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင် သိန္နီမြို့နယ်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ မ. ယ. က ရုံးက မဲရုံဆောက်ဖို့အတွက် တစ်အိမ်ကို ကျပ်ငွေ ၃၀၀၀ ထည့်ရမယ်ဆိုပြီး သိန္နီမြို့ပေါ်ရှိ ၄ ရပ်ကွက် လုံးကို ညွှန်ကြားထားတယ်လို့ သိန္နီမြို့ခံ ကုန်သည်တစ်ဦးက ပြောပါတယ်။
မဲရုံဆောက်ဖို့ တစ်အိမ် ကျပ်ငွေ ၃၀၀၀ ကို မ. ယ. က ရုံးက ဆင့်ဆိုလာတာဖြစ်ပြီး ဒီနေ့ထိ ပိုက်ဆံ ကောက်နေတုန်းပဲလို့ သူကပြောပါတယ်။ သိန္နီမြို့နယ်၊ မိုင်းပါးကျေးရွာအုပ်စု၊ နောင်ကော်ကျေးရွာ အုပ်စုဘက်အထိ ဆင့်ဆိုတာလို့ အဲဒီ ကုန်သည်က ပြောပါတယ်။
လားရှိုး၊ မိုင်းရယ်-တန့်ယန်းကားလမ်းတလျှောက် ကျေးရွာအုပ်စုတိုင်းမဲရုံရှိရမယ်ဆိုလို့ ရွာသူ ရွာသားတွေ ကို မဲရုံဆောက်လုပ်ခိုင်းနေတယ်လို့ တန့်ယန်းဒေသခံတစ်ဦးကလည်း ပြောပါတယ်။
နာမည်ကြီး ပအိုဝ်းအဆိုတော်တွေ ပအိုဝ်းပါတီ စည်းရုံးရေး လုပ်ငန်းတွေလုပ်
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီရဲ့ စည်းရုံးရေးလုပ်ငန်းတွေမှာ နာမည်ကြီး ပအိုဝ်း အဆိုတော်တွေက စေတနာ့ဝန်ထမ်း ပါဝင်ဖျော်ဖြေပေးနေကြတယ်လို့ ပအိုဝ်း တေးရေး ဆရာတယောက်က ပြောပြပါ တယ်။
ပအိုဝ်းနာမည်ကြီး တီးဝိုင်းဖြစ်တဲ့ တို့ကို အားကိုးပါ အဖွဲ့၊ မျိုးဆက်သစ် ပအိုဝ်းလူငယ် အဆိုတော် နဂါးပျံအဖွဲ့တို့က စည်းရုံးရေးခရီးစဉ်တွေမှာ စေတနာနဲ့ သီဆိုဖျော်ဖြေပေးကြတာပါ။ နာမည်ကြီး အဆိုတော် ခွန်ခမ်းခြွိုင်၊ ခွန်တူးလေး၊ ခွန်ရဲသွေး၊ နန်းမိုးမိုးစံ၊ နန်းသဲင်လောင်ဝ်တို့ ပါဝင်ပါတယ်။
ဒီအဆိုတော်တွေ ပါဝင်ပြီး စင်မြင့်ဖျော်ဖြေပွဲတွေကြောင့် ပြည်သူတွေက စည်းရုံးရေး ခရီးစဉ်တွေကို ပိုမို စိတ်ဝင်စားကြတယ်လို့လည်း ပအိုဝ်းဒေသခံတွေက ပြောပါတယ်။
ကျွန်မက ချမ်းလွန်ပါ။ အခု ရွေးကောက်ပွဲ ဆောင်းပါးတပုတ်ကို ကြားရမှာပါ။ ရွေးကောက်ပွဲ မဲဆွယ် ရာမှာ အနုပညာသည်တွေရဲ့ အခန်းဏ္ဍကလည်း တဒေါင့်တနေရာက ပါဝင်လာပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီက ကချင်အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ-ကချင် ပြည်နယ် ခေါ် UDPKS ပါတီကလည်း အဆိုတော်တွေနဲ့ စည်းရုံးရေးလုပ်နေပါတယ်။ ဒီပါတီထဲကနေ အမျိုးသား လွှတ်တော်နေရာကနေ ဝင်ရောက်ယဉ်ပြိုင်မယ့် နာမည်ကြီး ကချင် အဆိုတော် ဖောင်လား ဂမ်ဖန်ကို ဆိုင်းဂျာက စုစည်းထားပါတယ်။
သူဟာ အမျိုးသားတေးသီချင်းတွေ၊ နိုင်ငံရေးသီချင်းတွေ၊ ဒေသခံတိုင်းရင်းသားတွေရဲ့ အခြေခံဘဝ တေးသီချင်းတွေ သာမက အချစ်သီချင်းတွေကိုလည်း သီဆိုတဲ့ အဆိုတော် တစ်ယောက် ဖြစ်ပါတယ်။
(မငိုပါနဲ့ မိုင်၊ မငိုပါနဲ့ မိုင်၊ မငိုပါနဲ့ မိုင်၊ ဒီကမ္ဘာပေါ်မှာ ငါတို့နှစ်ယောက်အတူ လက်မတွဲ သွားနိုင်ရင် လည်း ကောင်းကင်ဘုံမှာ ပြန်ဆုံနိုင်ဖို့ ဆုတောင်းရအောင်၊ အမိုင်ရယ်၊ အချစ်မိုင်ရယ်၊ ကိုယ့် ချစ်လေး အမိုင်။)
မနောပွဲတော်ကျင်းပပြုလုပ်နိုင်အောင် တာဝန်ထမ်းဆောင်ပေးနေတဲ့ UDPKS ပါတီ အတွင်းရေးမှူး နာမည်ကြီး လူကြိုက်များနေတဲ့ အဆိုတော် ဖောင်လားဂမ်ဖန်ဟာ အများမျှော်လင့်ထားတဲ့ KSPP ပါတီ မှတ်ပုံတင်ခွင့် မရတဲ့နောက်ပိုင်း ထောက်ခံမှု ပိုရရှိခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ရှင်းရှင်းပြောရရင် ကျတော်တို့ပြောနေကြတဲ့ အသည်းကြားကမဲတစ်ပြားက ဘယ်ကိုထည့်ရမှန်း မသိ တော့ဘူးဖြစ်နေတယ်။ ဒီUDPKSက အဆိုတော် ဖောင်လားဂမ်ဖန်ကဆိုရင် ကျနော်တို့ ယဉ်ကျေးမှုမှာ ပါဝင်တဲ့ လူကြီးတစ်ယောက်လို လေးစားမိတဲ့အတွက်ကြောင့်မို့လို့ တ. စ. ည ရဲ့အမတ်နဲ့ ပြိုင်မယ် ဆိုရင် သူ့ကို ပိုပြီးတော့ ထောက်ခံကြလိမ့်မယ်၊ ပိုပြီးတော့ သူ မဲရလိမ့်မယ်”
ဖောင်လားဂမ်ဖန်ဟာ မိုးမောက်မြို့နယ် အမျိုးသားလွှတ်တော်အမတ်လောင်းနေရာကနယ် ဝင်ရောက် ယဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ပြိုင်ဘက်ကတော့ ရှမ်းအမျိုးသား ဒီမိုကရက်တစ်ပါတီမှ ဦးမြမောင်ဖြစ်ပါတယ်။
သူဟာ ကချင်ပြည်နယ်မှာ အများဆုံးနေထိုင်တဲ့ ရှမ်း၊ ကချင်လူထုတွေကို စည်းရုံးနေခြင်းဖြစ်ပါတယ်။ မိုးမောက်မြို့နယ်ကို အဓိကဝင်ပြိုင်တဲ့အကြောင်းကို အခုလိုဆိုပါတယ်။
“ကချင်ပြည်နယ်မှာ မိုးမောက်မြို့နယ်ဟာလည်း အင်မတန်မှ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ လူမှုရေးကိစ္စတွေ၊ လူနေမှုအဆင့်အတန်းတွေ ပြီးရင် ကျနော်တို့ လုပ်ကိုင်စားသောက်တဲ့ဒေသက မဖွံ့ဖြိုးသေးတဲ့နေရာတွေ တော်တော်များများ ရှိပါတယ်။ အဲတော့ ဖွံ့ဖြိုးရေးကိစ္စတွေကို ကျနော်တို့က အဓိက ကိုင်တွယ်သွားမယ်”
သူဟာ ငြိမ်ဝပ်ပိပြားရေး ခေတ်မှာ ဗန်းမော်မြို့နယ်၊ လမိုင်အောင်သာ ကျေးရွာမှာ ဥက္ကဋ္ဌအဖြစ် ၇ နှစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ မိုးမောက်မြို့နယ်မှာ ဝင်ရောက်ယဉ်ပြိုင်ဖို့် အခက်အခဲမရှိ ပြည်သူ ထောက်ခံမှုရရှိနေတယ်လို့ သူက အခုလိုပြောပါတယ်။
“ကျနော်ကိုယ်တိုင်လည်း အနုပညာနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ခဲ့တယ်ဆိုတော့ ကျနော့်ရဲ့ အနုပညာပရိသတ်တွေလည်း ဒီမှာအများကြီး ရှိပါတယ်။ အနုပညာပရိသတ်ဆိုတာကတော့ ကချင်တိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသား၊ ဗမာမျိုးနွယ်စုများ အားလုံးက ကိုယ်နဲ့ မသိတဲ့လူ မရှိတော့ဘူး။ မသိတဲ့လူ မရှိဘူးဆိုတော့ လူချင်းမမြင်ဘူးပေမယ့် အသံနဲ့ တယောက်နဲ့တယောက် ရင်းနှီးပြီးသား ဖြစ်ပါတယ်”
သို့ပေမယ့် သူနဲ့ တစ်ရွာသားချင်းဖြစ်တဲ့ ခရစ်ယာန် ဆရာတစ်ယောက်က သူဟာ အဆိုတော်မှ နိုင်ငံရေးသို့ ကူးပြောင်းလုပ်ဆောင်သွားတဲ့အပေါ်မှာ အခုလိုသုံးသပ်ပြောဆိုပါတယ်။
“နိုင်ငံရေးလောကမှာ ပြန်ဝင်သွားတယ်ဆိုလည်းပဲ ဒါ ကျနော်တို့ အများအမြင်ကျတော့ ကိုယ်ကျိုးပဲ အဓိကထားပြီးမှ နိုင်ငံရေးလုပ်တယ်ဆိုတဲ့ ဝေဖန်ချက်တွေက အမျိုးမျိုး ထွက်တာပေါ့လေ”
အခုချိန်မှာတော့ ဖောင်လာဂမ်ဖန်ဟာ ကချင်ပြည်နယ်က တခြား အဆိုတော်တွေနဲ့အတူ စတိတ်ရှိုး ဖျော်ဖြေပွဲတွေနဲ့ တွဲပြီး UDPKS ပါတီ စည်းရုံးရေး လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်ရှင်။