သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ


ကျွန်မက နူးပန်ပါ၊ တိုင်းရင်းသားဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့အတူ တင်ဆက်သွားမှာပါ။

မွန်ပြည်သစ်ပါတီက ရွေးကောက်ပွဲကို မထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ပြီးနောက်

ရွေးကောက်ပွဲကို မထောက်ခံကြောင်း ကြေညာချက် ထုတ်ပြီး မကြာခင်မှာပဲ မွန်ပြည်သစ် ပါတီရဲ့ မြို့ပေါ်ရုံး ဆိုင်းဘုတ်တွေ ဖြုတ်ပေးဖို့ အာဏာပိုင်တွေက တောင်းဆိုလာတယ်လို့ မွန်ပြည်သစ် ပါတီဝင် တဦးက ပြောပါတယ်။

မော်လမြိုင်၊ ရေးနဲ့ သံဖြူဇရပ်မြို့တွေက “မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံး” ဆိုတဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်ခိုင်းတာဖြစ်ပြီး ရေးမြို့က ဆိုင်းဘုတ်ကိုတော့ မွန်ပြည်သစ်ပါတီက ဖြုတ်ပေးလိုက်ပြီလို့ ပြောပါ တယ်။

မွန်ပြည်သစ်ပါတီဟာ စစ်အစိုးရတောင်းဆိုထားတဲ့ နယ်ခြားစောင့်တပ် (ပြည်သူ့စစ်) အဖြစ် အသွင်ပြောင်းရေးနဲ့ လက်နက်စွန့်ရေး အစီအစဉ်ကို ငြင်းပယ်ထားတဲ့အပြင် စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း မထောက်ခံကြောင်း မကြာသေးခင်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

လွယ်လင်မြို့နယ်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒမဲ အလွတ်တွေပေါ်မှာ လက်မှတ်ရေးထိုးခိုင်း

ရှမ်းပြည်တောင်ပိုင်း မှာတော့ ရွေးကောက်ပွဲ ကော်မရှင်က ထောင်ချီတဲ့ မဲလက်မှတ်အလွတ်တွေ ပေါ်မှာ မဲရုံမှူးတွေကို လက်မှတ်ထိုးခိုင်း ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မဲရုံမှူး တယောက်က ပြောပါတယ်။

လွိုင်လင်မြို့နယ်အတွင်း မဲရုံက ၄၆ ခု ရှိရာမှာ မဲရုံတခုအတွက် မဲလက်မှတ် ၁၅၀ ဆီ အဓမ္မ လက်မှတ် ထိုးခိုင်းတယ်လို့ မဲရုံမှူးတဦးနဲ့ ရင်းနှီးတဲ့ လူတယောက်ကလည်း ပြောပြပါတယ်။

ဟိုပုံးမြို့နယ်မှာတော့ အမျိုးသားလွှတ်တော်အဆင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNO ပါတီက ဦးနေဝင်းထွန်းက PNO ပါတီ ဒါမှမဟုတ်ရင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုသာ မဲထည့်ကြရမှာဖြစ်ပြီး တခြားပါတီကို မဲထည့်တာသိခဲ့ရင် ဒဏ်ငွေ ၅ သောင်းရိုက်မယ်လို့ ပုံးအယ်ကျေးရွာအုပ်စုက ပြည်သူတွေကို ပြောခဲ့တယ်လို့ အဲဒီဒေသက PNO အဖွဲ့ဝင်ဟောင်းတယောက်က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်က ဘုရားသုံးဆူမြို့မှာ ညမထွက်ရ အမိန့် ထုတ်ပြန်

ရွေးကောက်ပွဲ ကာလ လုံခြုံရေး တင်းကြပ်တဲ့အနေနဲ့ ထိုင်း-မြန်မာနယ်စပ် ဘုရား သုံးဆူမြို့ပေါ်မှာ ည ၉ နာရီကျော်ပြီး နောက်ပိုင်း အပြင်ထွက်သွားလာခွင့်ကို မနေ့ညကနေစပြီးတော့ ပိတ်ပင်လိုက်ပါ တယ်။

တရားဝင်ကြေညာတာ မဟုတ်ဘဲ မနေ့ညက ၉ နာရီကျော်မှာ အပြင်ထွက်တဲ့လူ အယောက် ၅၀ လောက်ဖမ်းပြီး မ.ယ.က ရုံးမှာ တနာရီလောက် ခေါ်ထားပြီး အဲဒီညက စလို့ ၉ နာရီနောက်ပိုင်း အပြင်မထွက်ရတော့ကြောင်း ပြောပြပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဘုရားသုံးဆူ မြို့ခံတယောက်က ပြောပြပါတယ်။

ဘုရားသုံးဆူမြို့ဟာ နယ်စပ်မြို့ဖြစ်လို့ လူပေါင်းစုံ ဝင်ထွက်သွားလာနေတာကြောင့် ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးမှုတွေ ဖြစ်လာမှာစိုးတဲ့အတွက် အခုလို အာဏာပိုင်တွေက ညမထွက်ရအမိန့် ထုတ်တာတို့ လုံခြုံရေးတင်းကြပ်တာတို့၊ နယ်စပ်ဖြတ်ကျော်မှု တင်းကြပ်တာတွေကို လုပ်ဆောင်နေတာ ဖြစ်တယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ မြို့ခံတဦးက ပြောပါတယ်။

နိုဝင်ဘာလဆန်းကစပြီး နယ်စပ်ကူးသန်းသွားလာမှုတွေ ပိတ်ထားမယ်လို့လည်း အာဏာပိုင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ရွေးကောက်ပွဲကာလမှာ မွန်ပြည်နယ်မှာ ပွဲလမ်းသဘင်ကျင်းပခွင့်တွေ ပိတ်ပင်ထားတဲ့ အတွက် ဘယ်လို အကျိူးဆက်တွေ ဖြစ်လာသလဲ ဆိုတာ မိရင်စနိုင်းက စုစည်းတင်ပြထားပါတယ်။

ကျွန်မက ချမ်းလွန်ပါ။

ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ တိုင်းရင်းသားဒေသတွေမှာ လုံခြုံရေးတင်းကြပ်မှုတွေ လုပ်လာတဲ့ အတွက် မွန်ပြည်နယ်၊ မုဒုံမြို့နယ်နဲ့ တခြားမြို့နယ်တချို့မှာ ရွေးကောက်ပွဲမတိုင်ခင် ကာလတလျှောက် ပွဲလမ်းသဘင်တွေ မကျင်းပဖို့ မြို့နယ် မ.ယ.က ကနေ ကျေးရွာ ဥက္ကဋ္ဌတွေဆီကို ညွန်ကြားစာ ပေးပို့ထားပါတယ်။ ပွဲတော်တွေပေါများတဲ့ သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွေမှာ ပွဲတော်ကျင်းပခွင့် မရတဲ့အတွက် ဘယ်လို အကျိုးဆက်တွေ ဖြစ်ပေါ်စေမှာလဲ ဆိုတာကို မိရင်စနိုင်းက တင်ဆက် ထားပါတယ်။

အစဉ်အလာမပျက် ကျင်းပလာတဲ့ မွန်ပြည်နယ်မှာ အစည်းကားဆုံးပွဲတော်လို့ လူသိများတဲ့ ကျိုက္ခမီ ရေလယ်ဘုရားပွဲနဲ့ မုဒုံမြို့နယ် အတွင်းမှာရှိတဲ့ ကျိုက်ကမော့ကြီးပွဲတော် ငါးပျံတောင်ပွဲတော်တွေ အပါအဝင် ဝါကျွတ်ကာလမှာ ကျေးရွာတိုင်းလိုလို ပွဲလမ်းသဘင် ကျင်းပဖို့ မဖြစ်နိုင်တော့ပါဘူး။

အခုလို ပိတ်ပင်လိုက်တာဟာ ဘာသာရေးနဲ့ သက်ဆိုင်သလို မွန်လူမျိုးတွေရဲ့ ပွဲလမ်းသဘင် ကျင်းပ လာတဲ့ ဓလေ့တွေကိုလည်း ထိခိုက်စေတယ်လို့ မွန် ဦးဇင်းတစ်ပါးက မိန့်ကြားပါတယ်။

“မွန်လူမျိုးနဲ့ ဗုဒ္ဓဘာသာဆိုတာ ခွဲခြားထားလို့မှမရတာ။ နှစ်တိုင်းဆိုသလို အစဉ်အလာမပျက် ရိုးရာ ပွဲတော်တွေကို ကျင်းပလာခဲ့တာ၊ ပွဲတော်တွေ ကျင်းပတာကလည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပွဲတော်တွေမှ မဟုတ်တာ။ ဘာသာရေးပွဲတော်တွေလေ ဘာသာရေး ပွဲတော်တွေကို အခုလို ပိတ်ပင်တာတွေက ဘာသားရေးအပိုင်းမှာလည်း သူတို့က ဂရုမစိုက်တဲ့သဘောပဲပေါ့။ ရိုးရာယဉ်ကျေးမှုဓလေ့ ကိုလည်း ထိခိုက်စေတာပေါ့”

ပွဲပိတ်လိုက်တဲ့ အချိန်ကာလဟာလည်း တစ်နှစ်လုံးရဲ့ ပွဲတော်အများဆုံးကျင်းပတဲ့ သီတင်းကျွတ် တန်ဆောင်မုန်းလတွေဖြစ်တဲ့အတွက် ငွေကြေးသိန်းရာချီရင်းပြီး ဇာတ်ထောင်ထားတဲ့ တချို့ နာမည်ကျော်ပွဲတွေဟာ ပွဲတော်ပိတ်လိုက်တဲ့အပေါ်မှာ တနှစ်လုံး ထွက်ရတဲ့ညရဲ့ သုံးပုံတစ်ပုံလောက် လျော့သွားနိုင်သလို ငွေကြေး သိန်းရာချီလည်း ဆုံးရှုံးသွားမှာဖြစ်တယ်လို့ ဇာတ်သဘင် အသိုင်းအဝိုင်းတွေက ပြောပါတယ်။

XS
SM
MD
LG