သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ


ကျွန်မက နူးပန်ပါ။ တိုင်းရင်းသားဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့အတူ တင်ဆက်သွားမှာပါ။
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က မြို့ပေါ်ရပ်ကွက် ဥက္ကဋ္ဌတွေကို ခေါ်ယူစည်းဝေးပြီး ခရီးထွက်မယ့်သူတွေ၊ ကုန်သည်တွေ၊ ဝန်ထမ်းတွေ နယ်မှာတာဝန်ကျမယ့် မဲရုံစောင့်တွေကို ကြိုတင်မဲအဖြစ် စနေနေ့က စတင်ထည့်ခိုင်းနေပြီလို့ သိန္နီဒေသခံ ဝန်ထမ်းတဦးက ပြောပါတယ်။

ကြိုတင်မဲထည့်ရာမှာ မ.ယ.က စာရေးမ အမျိုးသမီးက ကြံ့ဖွံ့ပါတီကိုသာ ထောက်ခံတဲ့မဲတွေသာ ခြစ်ပေးပြီး ရပ်ကွက်သားတွေကတော့ သူခြစ်ပေးတဲ့ မဲလက်မှတ်ကိုကိုင်ပြီး ပုံးထဲသွားထည့်ရုံပဲလို့ အမည်မဖော်လိုတဲ့ ရှမ်းတရုတ်ကုန်သည် သိန္နီသူတဦးက ပြောပါတယ်။

အဲဒီကြိုတင်မဲကိစ္စကို မကျေနပ်တဲ့ ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားပေမယ့် တစုံတရာ တုန့််ပြန်ဖြေရှင်းတာ မရှိဘူးလို့ ကျားဖြူပါတီဝင်တဦးက ပြောပါတယ်။

အလားတူပဲ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တောင်ပိုင်းနဲ့ တနင်္သာရီမြောက်ပိုင်းဒေသတွေမှာ အစိုးရ ဝန်ထမ်းတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ကြိုတင်မဲကောက်ခံနေပါတယ်။

ကြိုတင်မဲကောက်ခံရာမှာ မဲပြားနဲ့ ကောက်ခံတာ မဟုတ်ဘဲ ကြိုတင် မဲစာရင်းပုံစံထဲမှာ နာမည် ဖြည့်သွင်းရတာဖြစ်ပြီး မဲကိုတော့ သက်ဆိုင်ရာက မဲပြားတွေမှာ ထည့်ပေးမယ်လို့ ကိုယ်တိုင် စာရင်းသွင်းရသူတစ်ဦးက ပြောပါတယ်။


ကချင်ပြည်နယ်မှာတော့ ပါတီတွေကဘယ်လိုပဲ စည်းရုံးမှုတွေ အပြိုင်အဆိုင် လုပ်နေကြပေမဲ့ ပြည်သူ လူထုအများစုကတော့ ခုချိန်ထိ ရွေးကောက်ပွဲမှာ မဲဘယ်လိုထည့်ရမယ်ဆိုတာ နားမလည်ဘဲ ဖြစ်နေ ကြတယ်လို့ မဲပေးနည်းသင်တန်းပေးနေတဲ့ အန်ဂျီအိုအဖွဲ့ တဖွဲ့က ပြောပါတယ်။

လက်လှမ်းမီတဲ့ ကျေးရွာရပ်ကွက်တွေမှာ မဲပေးနည်းပညာပေးပြီး အစမ်းမဲထည့်ခိုင်းတဲ့အခါမှာ အများစုက ပယ်မဲစာရင်းထဲဝင်နေတယ်လို့ အစမ်းထည့်ခဲ့တဲ့ တပ်ကုန်းအုပ်စုက ဒေသခံတဦးကလည်း ပြောပြပါတယ်။

အခုလိုဖြစ်ရတာဟာ ပညာပေးမှုအားနည်းတာရယ်၊ ရွေးကောက်ပွဲနဲ့လူထု ကင်းကွာနေတာရယ် ဒီတစ်ခါရွေးကောက်ပွဲမှာ မဲပေးပုံစံက ရှုပ်ထွေးတဲ့အတွက် အများအားဖြင့်ကတော့ နားမလည်ကြဘူးလို့ ရှာလွမ်လို့ ခေါ်တဲ့ လူမှုအဖွဲ့အစည်းဖြစ်တဲ့ ငြိမ်းဖောင်ဒေးရှင်းက အဖွဲ့ဝင် တစ်ယောက်ကပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်က မဲပေးနည်းပညာ မပေးနိုင်တဲ့အတွက် အန်ဂျီအိုအဖွဲ့အစည်းတွေနဲ့ ဘာသာရေး အဖွဲ့တွေက ပူးပေါင်းပြီး လက်လှမ်းမီသလောက် ပြည်သူတွေကို ပညာပေးနေတာဖြစ်ပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ ကရင်ကျေးရွာ (၅) ရွာက ရွာသားတွေ စုပေါင်းပြီး နိုဝင်ဘာ (၁) ရက်နေ့၊ မနက်ဘက်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲ ပြုလုပ်ခဲ့ တယ်လို့ ဆန္ဒပြ ခေါင်းဆောင် စောတာပစဲက ပြောပါတယ်။

ဒီဆန္ဒပြပွဲကို သူးလေကုန်းနဲ့ တခါ့ချောင်းကျေးရွာစပ်မှာပြုလုပ်ခဲ့ပြီး လူပေါင်း (၂၀၀) နီးပါး တက်ရောက်ပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်လို့ ခေါင်းဆောင်ဖြစ်သူ စောတာပစဲက ပြောပါတယ်။

ဆန္ဒပြတဲ့နယ်မြေတွေဟာ နယ်မြေခံ စစ်တပ်ဖြစ်တဲ့ ခ.လ.ရ (၂၈၄) နဲ့ (၂)မိုင်ခန့် ဝေးတဲ့နေရာမှာ ဖြစ်တယ်လို့ အခမ်းအနားတက်ရောက်သူတစ်ဦးက ပြောပါတယ်။

ကျွန်မက ချမ်းလွန်ပါ။ အခု သတင်းလွှာ တပုတ်ကြားကြရမှာပါ။

ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ထည့်ရတဲ့အထဲမှာ တပ်မတော်သားတွေလည်း ပါဝင်ပါတယ်။ တပ်တွင်းက ကြိုတင်မဲနဲ့ ပါတ်သက်တဲ့ သတင်းတွေ များများစားစား ထွက်မလာပေမယ့် တချို့ နေရာတွေမှာတော့ တပ်မတော်သားတွေဟာ သူတို့ စိတ်ကြိုက်ပါတီကို မဲထည့်ခွင့်မရကြဘဲ တပ်မှူးတွေ ထည့်ခိုင်းတဲ့ပါတီကိုပဲ ထည့်ရတယ်လို့ သိရ ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း မုံးကိုး အခြေစိုက် စစ်တပ်က ကြိုတင်မဲထည့်ရတဲ့ အခြေအနေကို ခွန်အောင်မြတ်က သတင်းလွှာ ပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း ၁၄၅ က တပ်ဖွဲ့ဝင်တွေကို ကြိုတင်မဲ ထည့်ခိုင်းရာမှာ တပ်ရင်းမှူးက သူ့သဘောနဲ့သူ အမှန်ခြစ်ပြီး ထည့်လိုက်တဲ့အတွက် တပ်တွင်း မကျေနပ်မှုတချို့ ဖြစ်ပွားနေပါတယ်။

အရင်သုံးပတ်ကတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်အဖွဲ့ လာရောက်ပြီး မဲပေးပုံပေးနည်းနဲ့ တပ်မတော်သားတွေ ကြိုတင်မဲကို လွတ်လပ်စွာပေးခွင့်ရှိကြောင်း ပြောကြားခဲ့ပေမယ့် အခု အထက်အရာရှိက ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို ပေးလိုက်တာလို့ တပ်မိသားစုဝင်တဦးက ပြောသည်။

“အဲဒါ တကယ်တမ်းကျတော့ သူတို့တပ်သားတွေ ကိုယ့်မဲစာရွက်တောင် ကိုယ်မတွေ့လိုက်ရဘူး။ ဘာမှမထည့်လိုက်ရဘူး။ သူတို့ဘာသာသူတို့ ခြစ်ပြီး ထည့်လိုက်တာ။ သူတို့ကလေ ခြင်္သေ့ကို သိပ်မကြိုက်ကြဘူး။ တကယ့်တကယ်တမ်းမှာ သူတို့ မဲပုံးတောင် သူတို့ မတွေ့လိုက်ရဘူးပေါ့နော်။ မတွေ့လိုက်ရဘဲနဲ့ လူကြီးတွေက သူတို့ဟာသူတို့ ခြင်္သေ့ကိုပဲ အမှန်ခြစ်ပေးလိုက်တာပေါ့။”

ယင်းတပ်ရင်းကို တပ်ခွဲငါးခု ခွဲထားပြီး စစ်မှုထမ်းပေါင်း (၁၅၀) ကြိုတင်မဲပေးလိုက်ရတယ်လို့ သူက ဆက်ပြောပါတယ်။

“ခံစားရတယ်။ မဲကို နှမျောတယ်ဗျ။ မဲအရေအတွက် အဲလောက်များတာပေါ့နော်။ တရာ့ငါးဆယ် ဆိုလည်း များတယ်ခင်ဗျား။ နှမျောတယ်ပေါ့နော်။ အဲသလို ပေးရတဲ့အတွက်။ အထက်လူကြီးက ဒါဆို ဒါပဲ လုပ်ရတယ်လေ။ အထက်လူကြီးသဘောပဲ သူတို့ ဆန္ဒပဲလေ။ အထက်လူကြီးအမိန့်ကို သူတို့ မလွန်ဆန်နိုင်ဘူးလေ။”

ပြီးခဲ့တဲ့ သီတင်းပတ်က မုံးကိုးဒေသကို ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ လာရောက်မဲဆွယ်စည်းရုံးခဲ့ပြီး နောက်ပိုင်း ယခုလို ကြိုတင်မဲ ထည့်ခိုင်းတဲ့ အစီအစဉ် ပေါ်လာတာဖြစ်ပါတယ်။

XS
SM
MD
LG