သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA မှာ အဖွဲ့အားလုံးပါအောင် တိုင်းရင်းသားတွေ ဆက်တောင်းဆိုမည်


UPWC နှင့် SD တို့ NCA (၉) ကြိမ်မြောက်အစည်းအဝေး ကျင်းပခဲ့စဉ်။
UPWC နှင့် SD တို့ NCA (၉) ကြိမ်မြောက်အစည်းအဝေး ကျင်းပခဲ့စဉ်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA ကို အစိုးရနဲ့လက်မှတ်ရေးထိုးတဲ့အခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး အတူတကွ ပါဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆက်လက်တောင်းဆို ညှိနှိုင်းသွားမယ်လို့ လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ သြဂုတ်လ ၂၁ ရက်ကနေ ၂၃ ရက်နေ့ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြု့ိမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိပ်သီး ညီလာခံကနေ အစိုးရကို ဘယ်လိုချဉ်းကပ်တောင်းဆိုမလဲဆိုတဲ့ ဆွေးနွေးမှုတွေ မပြီးပြတ်နိုင်သေးတာကြောင့် သြဂုတ်လ ၂၄ ရက်နေ့ထိ နောက်ထပ် တရက်တိုးပြီး ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

NCA စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး လက်မှတ်ရေးထိုးမှသာ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောကို ဆောင်မှာဖြစ်တာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး အစိုးရနဲ့သဘောတူ လက်မှတ်ရေးထိုးနိုင်ေ၈ကို တိုင်းရင်းသားတွေဖက်က လိုလားနေကြတာပါ။

အစိုးရကတော့ NCA စာချုပ်မှာ တဖွဲ့ချင်းစီ လက်မှတ်ရေးထိုးကြဖို့ သြဂုတ်လ ၁၁ ရက်နေ့ကတည်းက ဖိတ်ကြားစာတွေပေးပို့ ထား ပြီး ဖြစ်ပါတယ်။ အစိုးရရဲ့ ဖိတ်ကြားချက်ကို တုံ့ပြန်နိုင်ဖို့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရဲ့ထိပ်သီးညီလာခံကို သြဂုတ်လ ၂၃ ရက် တနင်္ဂနွေနေ့ထိ ဆွေးနွေးခဲ့ကြပြီး ၊ အခုလာမယ့် အပတ်အတွင်း အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ တပ်မတော်ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ အားလုံးပါဝင် လက်မှတ်ရေးထိုးခွင့်ပေးဖို့ထပ်မံတောင်းဆိုသွားမှာဖြစ်တယ်လို့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရဲ့ပြောခွင့်ရသူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

“အားလုံးပါဝင်ရေးမူဆိုတဲ့ အဖွဲ့ပေါင်း ၂၁ ဖွဲ့ရှိတယ်။ ဖြစ်နိုင်မလား။ ၂၁ ဖွဲ့ထဲက ၁၇ ဖွ့ဲ ဖြစ်နိုင်မလား၊ ဒုတိယအဆင့်ပေါ့။ ၁၇ ဖွဲ့ထဲကမှ လက်မခံသေးတဲ့အဖွဲ့တွေကို အကယ်၍ကျန်ခဲ့အုံးမယ်ဆိုရင် ဘယ်လို အာမခံချက်ပေးမလဲပေါ့ဗျာ။ အဲဒါကို နောက်ဆုံးဖွဲ့စည်းနေတဲ့ ခေါင်းဆောင်ကြီးတွေက ကိုင်တွယ်ပေးကြရမှာဖြစ်တယ်။”

NCA စာချုပ်ကို လက်မှတ်လာထိုးကြဖို့ အစိုးရက ဖိတ်ခေါ်ခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်အဖွဲ့တချို့က တဖွဲ့ချင်းအလိုက် လက်မှတ်သွားထိုး မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ တကယ်တော့ NCA ကို လက်မှတ်ထိုးဖို့ တဖွဲ့ချင်း ဆုံးဖြတ်ကြတာသာဖြစ်ပြီး NCA စာချုပ် လက်မှတ် ထိုးချိန်မှာ အားလုံး ပါဝင်ထိုးကြဖို့ကို အဖွဲ့အားလုံးက မူအားဖြင့် လက်ခံထားကြတယ်လို့ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

“လက်မှတ်ထိုးမယ်၊ မထိုးဘူးဆိုတာ တဖွဲ့ချင်းဆုံးဖြတ်တာတော့မှန်တယ်။ သို့သော် တဖွဲ့ချင်းကတော့ ဘယ်သူမှမထိုးဘူး။ စုပေါင်းပြီးတော့ ထိုးမယ်။ ဖိတ်ကြားခံရတဲ့စာရင်းကတော့ အားလုံးလိုလိုပါပဲ။ မထိုးတဲ့အဖွဲ့မရှိဘူးလို့ ယူဆရတပေါ့။ သို့သော်လည်းပဲ ထိုးမယ့်နေရာမှာ အားလုံးပါဝင်ရေးကို ထပ်မံတောင်းဆိုဖို့လိုတယ်ဆိုတဲ့အချက်ကလေးတခုတော့ ကျနော်တို့ဘက်က ဖြစ်သင့်တာပေါ့။ ဒါပေမယ့် အစိုးရဘက်ကတော့ အားလုံးပါဝင်ရေးက လက်ခံနိုင်တဲ့အကန့်အသတ်က ဘယ်လောက်ရှိတယ်ဆိုတာ သူတို့က ပြောထားပြီးပြီလေ။ ပြောထားတဲ့အပေါ်မှာ ထပ်ပြီးတော့ သီးခြားစစ်တဲ့သဘောမျိုး လုပ်နိုင်ရင်လုပ်ဖို့ပေါ့။ အဲဒါမျိုး ဆွေးနွေးတာဖြစ်ပါတယ်။”

မကြာခင်ရက်ပိုင်းမှာ သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အစိုးရထိပ်ပေါင်းခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖက်က ကြီးငါးကြီးအဖွဲ့တွေဖြစ်တဲ့ KNU ကရင်/ KIO ကချင်/ SSPP ရှမ်း/ KNPP ကယားနဲ့ MNSP မွန်လက်နက်ကိုင် ခေါင်းဆောင် တွေပါတဲ့ ၈ ဦးအဖွဲ့ဟာ နေပြည်တွေမှာ သွားရောက်ဆွေးနွေးကြမယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

“ဒီလ သြဂုတ်လမကုန်ခင်တော့ Big 5 လို့ခေါ်တဲ့ ကြီးငါးကြီးပေါ့။ တိုင်းရင်းသားဘက်က ကြီးငါးကြီးရဲ့ ထိပ်သီးခေါင်းဆောင်တွေက ပြည်ထောင်စုအစိုးရအကြီးအကဲတွေ၊ တပ်မတော်အကြီးအကဲတွေနဲ့ တွေ့မှာဖြစ်ပါတယ်။ ဦးအောင်မင်းတို့နဲ့တွေ့တဲ့ SP ပွဲက ကျော်ဖြတ်ခဲ့ပြီ။ အခုကတော့ အဲဒီပွဲကို ထပ်လောင်းပြီးတော့ လွှမ်းမိုးဖြတ်ကျော်နိုင်တဲ့ ထိပ်သီးငါးဦး SD ထဲက ခေါင်းဆောင် ၃ ဦး၊ ၈ ဦးကော်မတီပေါ့။ ၈ ဦး မစ်ရှင်က နောက်ဆုံးကြိုးပမ်းမှုအတွက်ပေါ့လေ။ အစိုးရဘက်က ထိပ်တန်းခေါင်းဆောင်တွေနဲ့တွေ့ဖို့ ခရီးစဉ်ဖြစ်တယ်ခင်ဗျ။ အဲဒါကြောင့်မို့လို့ ခရီးစဉ်က အပြီးသတ်ခရီးစဉ်မျိုးပေါ့ဗျာ။ အဲလိုတော့ ခန့်မှန်းတာပေါ့။ ဒါက အဆုံးအဖြတ်ပေးရမယ့်ပွဲပါပဲ။”

NCA စာချုပ်ကို လက်မှတ်ထိုးပြီးရင် တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့လက်နက်တွေ အားလုံးဖြုတ်သိမ်းသွားမယ်ဆိုတဲ့ သဘောမျိုးတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မကြာသေးခင်က ပြောဆိုခဲ့တဲ့အချက်နဲ့ ပတ်သက်လို့ - ဗိုလ်မှူးကြီးခွန်ဥက္ကာက ခုလို သုံးသပ်ပြောဆိုပါတယ်။

“NCA ထဲမှာက လက်နက်ဖြုတ်သိမ်းခြင်းကိစ္စ အပါအဝင် ပြန်လည်ပေါင်းစည်းခြင်းကို နိုင်ငံရေးဆွေးနွေးပွဲလုံး၀ ပြီးစီးပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲမှာရရှိတဲ့ရလဒ်နဲ့အညီ ဆွေးနွေးမယ်ဆိုတာပါတယ်။ စာချုပ်ထဲမှာတော့။ အခု အပြင်မှာ အလွတ်သဘောပြောနေတာကတော့ ကာကွယ်ရေးဦးစီးချုပ်ဘက်က သူ့ရဲ့တပ်မတော်အမြင်သဘောထား တဘက်သတ်ပြောနေတယ်လို့ပဲ ကျနော်ထင်တယ်။ စာချုပ်နဲ့အညီပြောတယ်လို့တော့ ကျနော်မထင်ဘူးဗျ။”

မြန်မာတနိုင်ငံလုံးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ရှိပြီး NCA စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ဖို့ ညှိနှိုင်းခဲ့တဲ့ ၁၅ ဖွဲ့နဲ့ အစိုးရက လက်မှတ် မထိုးနိုင်သေးဘူးလို့ ပြောထားတဲ့ အဖွဲ့ ၆ ဖွဲ့ ရှိနေပါတယ် အဲဒီထဲမှာ တအောင်းပလောင်၊ ကိုးကန့်၊ ရခိုင်တပ်မတော်၊ လားဟူသမဂ္ဂ၊ 'ဝ' အမျိုးသားအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားကောင်စီ တို့ပါဝင်ပါတယ်ခင်ဗျာ။

XS
SM
MD
LG