သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA အတွက် တိုင်းရင်းသား ထိပ်သီးတွေ ထပ်မံတွေ့ဆုံမည်


တနိုင်ငံလုံးအပစ်ရပ်ရေးညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့ အပစ်ရပ်စဲရေးစာချုပ်မူကြမ်း NCA ကို အပြီးသတ် သဘောတူညီမှုရခဲ့စဉ်။ (မတ် ၃၀၊ ၂၀၁၅) ဓာတ်ပုံ-MPC
တနိုင်ငံလုံးအပစ်ရပ်ရေးညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့ အပစ်ရပ်စဲရေးစာချုပ်မူကြမ်း NCA ကို အပြီးသတ် သဘောတူညီမှုရခဲ့စဉ်။ (မတ် ၃၀၊ ၂၀၁၅) ဓာတ်ပုံ-MPC

တနိုင်ငံလုံး အပစ်ရပ်ရေးမှာ တိုင်းရင်းသား လက်နက်ကိုင် အားလုံး မပါဝင်ဘဲ လက်မှတ်ရေးထိုးကြမလား ဆိုတာကို တိုင်းရင်းသား ထိပ်သီးတွေ ဒီလကုန်ပိုင်းမှာ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ အပစ်ရပ်ရေး ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့ဘက်က အပစ်ရပ်ရေး စာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင် အားလုံး ပါဝင်လိုပေမယ့် အစိုးရဘက်က လက်မခံနိုင် ဖြစ်နေတာပါ။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ကြား အပစ်ရပ်ရေး အကြိတ်အနယ် ဆွေးနွေးနေ ချိန်မှာ ရှမ်းပြည်တွင်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် တနိုင်ငံလုံး အပစ်ရပ်ရေး အပေါ်မှာ သက်ရောက်မှုတွေ ရှိလာနိုင်မလားဆိုတာကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင်တို့ဘက်က အားလုံး ပါဝင် လက်မှတ်ရေးထိုးလိုပေမယ့် အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင် အားလုံးတို့ကို လက်မခံနိုင် ဖြစ်နေ တာပါ။ မြန်မာ အစိုးရနဲ့ ညှိနှိုင်းခဲ့တဲ့ အချက်တွေကို ပြန်လည် သုံးသပ်တဲ့ ဆွေးနွေးပွဲကိုလည်း တိုင်းရင်းသား လက်နက်ကိုင်တပ်တို့ရဲ့ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်တွေ ဒီကနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တို့ရဲ့ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့က မြန်မာ အစိုးရနဲ့ ညှိနှိုင်းတာမှာလည်း မြန်မာ အစိုးရဘက်ကတော့ လုံး၀ အလျှော့မပေးနိုင်တဲ့ အနေအထားမှာ ရှိနေတာ ဖြစ်တယ်လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီရဲ့ ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာက ပြောပါတယ်။

"အပစ်ရပ်စဲတဲ့ အခါကျရင် ကျနော်တို့က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုပြီးတော့မှ ကျနော်တို့က ကြိုးပမ်းနေတော့ ဒီလက်နက်ကိုင်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးပါဝင်ရေးကို ကျနော်တို့ အဓိက ထားတယ်။ အဲဒီမှာ ကျနော်တို့ အားလုံးပါဝင်ရေးမှာ ကျနော်တို့ တစ်ဆို့မှု ရှိရင် အနည်းဆုံး အားဖြင့် ကျနော်တို့ SD အဖွဲ့ဝင် ၁၇ ဖွဲ့ အားလုံး ပါဝင်နိုင်ရေးကို ကျနော်တို့ အခြေခံပြီးတော့ သွားညှိတာပါ။ အစိုးရဘက်က အားလုံး လက်မခံနိုင်ဘူး ဖြစ်နေတာပေါ့။ ကျနော်တို့ကတော့ ကျနော်တို့ SD အဖွဲ့ဝင်တွေနဲ့ဘဲ အဆုံးအဖြတ် မပေးချင်ဘူး၊ မပေးနိုင်ဘူး။ ကျနော်တို့ကတော့ ထိပ်သီးခေါင်းတွေ အစည်းအဝေးကို မကြာခင်မှာ ကျင်းပမယ်။ ဒီလ မကုန်ခင်ပေါ့လေ။ အဲဒီမှာ ဆုံးဖြတ်ဖို့။ ဒါပေမယ့် အခု ကျနော်တို့ ဆွေးနွေးနေတာကတော့ ကျနော်တို့ SD အနေနဲ့ ဘယ်လိုနည်းနဲ့ အထောက်အကူ ပေးနိုင်မလဲ ဆိုတာပါဘဲ။ တဖက်က အစိုးရဘက်ကလည်း အဲသလိုဘဲ လှည့်ပြီးတော့ ခေါ်နေတာ ရှိတယ်နော်။ ဒါပေမယ့် ကျနော်တို့ကတော့ အဲသလို ကျနော်တို့ စုဖွဲ့ပြီးတော့ ဆွေးနွေးနေတဲ့ ကာလမျိုးမှာ တချို့အဖွဲ့တွေက ဒီလို သီးသန့် ထွက်ပြီးတော့ ပေါ့လေ သွားပြီးတော့ လက်မှတ်ထိုးရင် ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကို ထိခိုက်နိုင်တယ်။ အဲသလိုတော့ ကျနော်တို့ မြင်တယ်။ အဲဒီမှာလည်း နည်းလမ်းရှာနေတာပါ။"

တနိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ် NCA မှာ တိုင်းရင်းသား လက်နက်ကိုင် အားလုံးမဟုတ်ဘဲ တချို့တဝက်ကို ချန်လှပ် ရေးထိုးကြမလားဆိုတာကို တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေ ဒီလကုန်ပိုင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေး ဆုံးဖြတ်ကြမှာလည်း ဖြစ်ပါတယ်။

တနိုင်ငံလုံး အပစ်ရပ်ရေးမှာ အားလုံးပါဝင်ခွင့်ရရေး တိုင်းရင်းသားတို့နဲ့ မြန်မာ အစိုးရကြား မပြေမလည် ဖြစ်နေချိန်မှာဘဲ ရှမ်းပြည်နယ် တလွှားမှာတော့ ရှမ်းလက်နက်ကိုင်တပ်တွေ၊ ကချင်လက်နက်ကိုင်တပ်နဲ့ တအာင်း ပလောင်တပ်တို့ကြား တိုက်ပွဲတွေ ဆက်တိုက် ဆိုသလို ဖြစ်နေပါတယ်။ ရှမ်းပြည်နယ်တွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာ ဦးခွန်ဆိုင်းက အခုလို သုံးသပ်ပါတယ်။

"RCSS လိုမျိုးက အစိုးရက နယ်မြေသတ်မှတ်မှုက သိပ်ပြီးတော့မှ မရှင်းဘူး။ မရှင်းတဲ့ အခါကျတော့ အစိုးရ အနေနဲ့က ငါတို့ ဌာနချုပ် ပတ်ဝန်းကျင် ၁၀ မိုင်လောက်မှာ သူတို့ လာလှုပ်ရှားတယ်ဆိုတာ မသင့်တော်ဘူး ဆိုပြီးမှ လိုက်ရှင်းတယ်။ RCSS ဘက်ကလည်း သူတို့က တောထဲမှာ လှုပ်ရှားတယ် တောင်ထဲမှာ လှုပ်ရှားတယ် ဆိုတော့ ၁၀ မိုင်တို့ ဘာတို့ မသိဘူးပေါ့ဗျာ။ ဒါက ငါတို့ နယ်မြေ ငါတို့ ရှမ်းပြည်ဘဲကွ ဆိုတဲ့ဟာမျိုး ထားတယ်လေ။ ဒါမျိုးတွေ ဒါကြောင့်မို့ ဖြစ်တယ်လို့ ပြောပါတယ်။"

ရှမ်းလက်နက်ကိုင် တပ်တို့နဲ့ မြန်မာ စစ်တပ်ကြား နယ်မြေ သတ်မှတ်နိုင်ခြင်း မရှိသေးတာ၊ ရွေးကောက်ပွဲ ကာလ လုံခြုံရေး အပြင် ရှမ်းလက်နက်ကိုင်တပ် RCSS / SSA တောင်ပိုင်း ရှမ်းပြည်တပ်တို့နဲ့ မြန်မာ့ တပ်မတော်ကြားမှာလည်း ဆက်ဆံရေးက နီးစပ်မှု မရှိတာတွေကြောင့် ထိတွေ့မှုကလည်း ပိုပြီး များရတာ ဖြစ်တယ်လို့လည်း ဦးခွန်ဆိုင်းက ပြောပါတယ်။

XS
SM
MD
LG