သုံးရလွယ်ကူစေသည့် Link များ

ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား မဟာမိတ်တွေ ဆွေးနွေး


Two young women carry a model reindeer past 10 Downing Street in London, Britain.
Two young women carry a model reindeer past 10 Downing Street in London, Britain.

UNA ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့နဲ့ NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖဲ့ွ ၈ ဖွဲ့က ကိုယ်စား လှယ် တွေဟာ ရန်ကုန်မြို့မှာ တွေ့ဆုံပြီး လက်ရှိ အစိုးရနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အတွင်း နိုင်ငံရေးဆွေးနွေးပွဲ စတင် ကျင်းပနိုင်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံး ပါဝင်နိုင်ရေး အပါအဝင် အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

အဖွဲ့တွေအနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လာမယ့် အစိုးရသစ် လက်ထက် မှာလဲ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့လဲ UNA ခေါင်းဆောင်တွေကပြောပါတယ်။ အပြည့်အစုံကို VOA မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

UNA ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ခေါင်းဆောင်တွေနဲ့ NCAအပစ်ရပ်လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့ခေါင်းဆောင်တွေ မနေ့ကတွေ့ဆုံမှုအစည်းအဝေးမှာ လက်ရှိအစိုးရလက်ထက်မှာ နိုင်ငံရေးဆွေး နွေးပွဲတွေစတင်ကျင်းပနိုင်ဖို့နဲ့ လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်နိုင်ရေး ကိစ္စရပ်တွေဆွေးနွေးခဲ့ကြတယ်လို့ UNA ခေါင်းဆောင်တဦးဖြစ်သူ ဦးအေးသာအောင်ကအခုလိုပြောပါတယ်။

“ ဒီ အစိုးရ သက်တမ်းကာလမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဖေါ်ဆောင်တဲ့ကိစ္စကို လက်မှတ်ထိုးပြီးရင် နိုင်ငံရေးမူဘောင် ရေးဆွဲရမယ်။ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ရမယ်။ အဲ့တော့ နိုင်ငံရေးဆွေးနွေးပွဲကို အခုအစိုးရသက်တမ်းမှာ စတင်ပြီးတော့ လုပ်နိုင်ဖို့ ရည်ရွယ်တယ်။ အဓိကက လက်မှတ်ထိုးထားတဲ့ အဖွဲ့ (၈)ဖွဲ့က တိုင်းရင်းသားအဖွဲ့ အားလုံးမပါပဲနဲ့ ဒီ (၈)ဖွဲ့ပဲ လက်မှတ်ထိုးရတဲ့အကြောင်း ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း နောက်တဆင့် ပါလာအောင် ဘယ်လိုဘယ်ပုံကြိုးစားမယ်ဆိုတာမျိုးကို ဖော်ကျူးသင့်ပါတယ်။ အခုငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ UNA ရဲ့သဘော UNA က ပုဂ္ဂိုလ်များကလည်း ကြိုးပမ်းပါဝင်ဆောင်ရွက်ဖို့တိုက်တွန်းထားတယ်။ “

အခုတွေ့ဆုံမှုဟာ အပစ်ရပ်လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပထမဆုံး တွေ့ဆုံတာဖြစ်ပြီး လက်ရှိတိုက်ပွဲဖြစ်ပွါးနေတဲ့ တိုင်းရင်းသား ဒေသက စစ်ဘေးဒုက္ခသည်တွေ အခြေအနေကို လည်း ဆွေးနွေးကြတယ် လို့ ဦးအေးသာအောင်ကပြောပါတယ်။

“အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေတဲ့ကာလမှာ ဒီတိုက်ပွဲတွေ ဖြစ်နေတာဟာ အထူးသဖြင့် ကချင်ပြည်နယ် ရှမ်းပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေ ဒုက္ခရောက်တယ်။ ဒါကြောင့် အမြန်ဆုံးရပ်စဲဖို့အတွက် တိုက်တွန်းတဲ့အကြောင်း ကြိုးပမ်းတဲ့အကြောင်း ပြောကြတယ်။ ဒါပေမဲ့ လောလောဆယ် အပစ်အခတ်ရပ်စဲရေးကို ကြိုးပမ်းတဲ့နေရာမှာ မအောင်မြင်တဲ့အကြောင်းကိုလည်း ပြောပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင် NCCTအဖွဲ့ဝင်တွေအနက်က ကရင်အမျိုးသားအစည်းအရုံး KNU ၊ ရှမ်းပြည်ပြန်လည် ထူထောင် ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ၊ ချင်းအမျိုးသားတပ်ဦး CNF စတဲ့ အဖွဲ့ ၈ဖွဲ့ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ(၁၅)ရက်နေ့မှာ သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ မြန်မာအစိုးရ အဖွဲ့နဲ့NCAအပစ်ရပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။

NCAလက်မှတ်ရေးထိုးဖို့ အဆင်သင့်မဖြစ်သေးတဲ့အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် နိုင်ငံရေးမူဘောင်ရေးဆွဲရေးမှာ ပါဝင်နိုင်ဖို့ မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့တယ်လို့ PNLOခေါ် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

“အခုလောလောဆယ်မှာတော့ ကျနော်တို့က နိုင်ငံရေးမူဘောင် ရေးဆွဲရေးကိစ္စ အပါအဝင်ပေါ့လေ ရှေ့လုပ်ငန်းစဉ်တွေမှာ လက်မှတ်မရေးထိုးသေးတဲ့ ညီနောင်အဖွဲ့အစည်းတွေ ကျနော်တို့က တန်းတူညီတူ ပါဝင်ခွင့်ပေးဖို့ အစိုးရကို နေပြည်တော်အစည်းအဝေးမှာ ကျနော်တို့ ဆွေးနွေးပါတယ်။ ဆွေးနွေးတော့ အစိုးရအနေနဲ့ တဆင့် စဉ်းစားတာက လေ့လာသူ အဖြစ် အရင်ကတော့ လေ့လာသူအဖြစ်ပဲ ဖိတ်မယ်ပေါ့နော် အခုတော့ လေ့လာသူအဖြစ်အနေနဲ့ မဟုတ်ပဲနဲ့ အထူးဖိတ်ကြားသူအဖြစ်နဲ့ ဖိတ်ကြားသွားဖို့ပေါ့ အစိုးရဘက်က လက်ခံစဉ်းစားသွားပေးမယ်လို့ ပြောပါတယ်။ အထူးဖိတ်ကြားသူဆိုတာကတော့ လေ့လာသူထက် မြင့်တာပေါ့နော်။ အထူးဖိတ်ကြားသူကတော့ အစည်းအဝေးရဲ့ လက်ခံမှုအပေါ်မှာ မူတည်ပြီး ဆွေးနွေးခွင့်ရမှာပေါ့။”

လက်ရှိအခြေအနေမှာတော့ ရွေးကောက်ပွဲအလွန်ကာလမှာ မြန်မာတပ်မတော်နဲ့ KIO ကချင်အဖွဲ့ SSPP/SSAမြောက်ပိုင်း ရှမ်းပြည်တပ်မတော်တို့အကြားမှာ ရှေးကထက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေပြီး သောင်းနဲ့ချီတဲ့ဒေသခံကျေးရွာသားတွေလဲ စစ်ပြေးဒုက္ခသည်အဖြစ်နဲ့ မူရင်းဒေသကနေတိမ်းရှောင်နေကြရပါတယ်။”

မနေ့ကတော့ ရှမ်းပြည်နယ်အတွင်းစစ်ရေးအရှိန်လျော့ချနိုင်ဖို့ မြန်မာအစိုးရကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မ တော် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးသွားဖို့အရေး အကြိုညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

ဒါပေမဲ့ ရှမ်းပြည်နယ်ကျောက်မဲမြို့နယ်အတွင်းတော့စန်ကျေးရွာနှဲ့ ညောင်ပင်လှ ကျေးရွာကြားမှာ မြန်မာစစ်တပ်နဲ့ တအာင်း ပလောင်တပ်ဖွဲ့TNLAတို့အကြား ဒီကနေ့မှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ TNLA နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ တာဘန်းလှက ပြောပါတယ်။

ဒီမနက်ပိုင်းမှာ ကျောက်မဲမြို့နယ်၊ တော့စန်ကျေးရွာနဲ့ ညောင်ပင်လှ ကျေးရွာကြားထဲမှာ တိုက်ပွဲဖြစ်ခဲ့တယ်ခင်ဗျ။ ကိုးနာရီခွဲလောက်ဖြစ်ပြီး ဆယ်နာရီခွဲလောက်ကို ပြီးသွားတာပေါ့လေ။ အဲ့ဒီ့မှာကျတော့ ကျနော်တို့ တွေ့ရတာက အစိုးရဘက်ကတော့ အကျအဆုံးရှိတယ်။ အခုအခြေအနေကတော့ တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားနေတဲ့အနေအထားရှိတယ်။ ရွေးကောက်ပွဲအလွန်ကာလနဲ့ ယနေ့အထိ တအာင်းပလောင်တပ်ဖွဲ့နဲ့မြန်မာစစ်တပ်တို့အကြားတိုက်ပွဲဖြစ်ပွါးမှု(၁၅)ကြိမ်ခန်ခန့် ရှိခဲ့တယ်လို့လဲသူကပြောပါတယ်။

ဒီလိုဖြစ်ပွါးနေတဲ့ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ဖို့အတွက် UNAအဖွဲ့အနေနဲ့ လက်ရှိအဏာရ NLDအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလွှတ်တော်ကိုယ်စားလှယ်တွေ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရှေ့ဆက်ပူးပေါင်းလုပ် ဆောင်သွားမယ်လို့ UNAခေါင်း ဆောင်တဦးဖြစ်သူ ဦးအေးသာအောင်ကပြောပါတယ်။

မနေ့ကကျင်းပပြီးစီးခဲ့တဲ့အစည်းအဝေးမှာUNAအဖွဲ့ဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်အမျိုးသားပါတီ ကရင် အမျိုးသားပါတီကခေါင်းဆောင်တွေ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံးKNU၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်DKBA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်RCSS/SSA၊မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ချင်းအမျိုးသားတပ်ဦး CNF အစရှိတဲ့ အဖွဲ့ ၈ဖွဲ့က ကိုယ်စားလှယ် ၂၀လောက် တက်ရောက်ခဲ့ပါတယ်။

XS
SM
MD
LG