သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုဝန်ကြီး အဆိုပြုခံရသူ နိုင်သက်လွင်နဲ့ မေးမြန်းခြင်း


ပြည်ထောင်စုဝန်ကြီး အဆိုပြုခံရသူ နိုင်သက်လွင် (ဓါတ်ပုံ-မင်းဖေသန်း(ဇင်းကျိုက်)
ပြည်ထောင်စုဝန်ကြီး အဆိုပြုခံရသူ နိုင်သက်လွင် (ဓါတ်ပုံ-မင်းဖေသန်း(ဇင်းကျိုက်)

မြန်မာနိုင်ငံအစိုးရသစ်မှာ တာဝန်ယူရမဲ့ ပြည်ထောင်စုဝန်ကြီး(၁၈)ဦးရဲ့အမည်စာရင်းကို ဒီကနေ့မှာထုတ်ပြန် လိုက်ပြီးဖြစ်ပေမဲ့တွဲဖက်တာဝန်ယူရမဲ့ဝန်ကြီးဌာနတွေတော့မရှိသေးပါဘူး။ ဒီအထဲမှာ မွန်အမျိုးသားပါတီက ဒုတိယ ဥက္ကဋ္ဌ နိုင်သက်လွင်ဟာလဲ ပြည်ထောင်စုဝန်ကြီး အဖြစ် စာရင်းမှာပါရှိနေသလို တိုင်းရင်းသားဝန်ကြီးဌာန ဝန်ကြီးအဖြစ်ခန့်အပ်ခြင်းခံရမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်ကို ဗွီအိုအေ ဝိုင်းတော်သားနိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းချက်ကိုကြားကြရမှာပါ။

“မေး။ ။ မင်္ဂလာပါ ဝန်ကြီးနိုင်သက်လွင်အနေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ် ခန့်အပ်သွားမယ် လို့ သတင်းတွေပေါ်ထွက်နေပါတယ်။ တကယ်လို့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို ကိုင်တွယ်ခွင့်ရမယ်ဆိုရင် ဘယ်လိုအကောင်အထည်ဖေါ်သွားဖို့ ရည်မှန်းထားပါသလဲခင်ဗျ။

ဝန်ကြီး နိုင်သက်လွင်။ ။ ကျနော်ကို တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို တာဝန်ယူနိုင်မလားလို့ပြောတော့ ကျနော်ကိုယ်တိုင်လည်း တိုင်းရင်းသားနဲ့ ပတ်သက်ပြီးတော့လုပ်ခဲ့တာ နှစ်ပေါင်းများပြီဆိုတော့ တိုင်းရင်းသားအရေးဆိုရင်တော့ တာဝန်ယူပေးမယ်လို့ပြောလိုက်တယ်။ ကျနော်တို့ တိုင်းရင်းသားနဲ့ ပတ်သက်ပြီးတော့ သမ္မတတို့ ကို ဆက်သွယ်ပေးရုံပဲပေါ့။ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေက ဘာတွေလည်း ကျနော်တို့က ညှိနှိုင်းပေးဖို့ အစိုးရအဖွဲ့လည်းမပေါ်သေးဘူးလေ။ ရှေ့လုပ်ငန်းစဉ်ဘာဆက်လုပ်ရမလဲဆိုတော့ နောင်တက်တဲ့ အစိုးရက သူဘယ်လိုလမ်းကြောင်းကို သွားမယ်ဆိုတာ ကျနော်တို့ လည်းမသိသေးဘူးလေ။ အစိုးရလည်း မဖွဲ့ရသေးဘူး။ ရှေ့လုပ်ငန်းစဉ် ဘယ်ဝန်ကြီးဌာန၊ ဘာတွေလုပ်ရမလဲဆိုတော့ ဘာမှ မသိသေးဘူးမဟုတ်လား။

မေး။ ။ တိုင်းရင်းသားရေးရာဝန်ကြီးဌာနထားရှိတာဟာ ပြည်မနဲ့ တန်းတူညီမျှရေးမရှိလို့ သီးခြားခွဲလိုက်တဲ့ သဘောလားလို့ တချို့တိုင်းရင်းသားတွေက ဘဝင်မကျဖြစ်နေတဲ့အပေါ် ဝန်ကြီးရဲ့အမြင်သဘောထားလေး ကိုသိပါရစေ။

ဝန်ကြီး နိုင်သက်လွင်။ ။ တိုင်းရင်းသားအရေးကို ပိုပြီးတော့ ပြေလည်အောင်၊ တိုင်းရင်းသားအရေးကို ပိုပြီးတော့ ဒီဖက်ဒရယ်ပြည်ထောင်စု လုပ်တဲ့နေရာမှာ ပြည်ထောင်စုရဲ့ ကိုင်တွယ်ရမယ့် အာဏာ၊ ပြည်နယ် တိုင်းတွေရဲ့ ကိုင်တွယ်ရမယ့် အာဏာ တွေကို ကျနော်တို့ ခွဲဝေတဲ့အခါကျတော့ပေါ့နော် ပိုပြီးတော့ပြောဆိုလို့ ၊ ပိုပြီးတော့ တောင်းဆို၊ ပိုပြီးတော့ ညှိနှိုင်းလို့ ရအောင်ဆိုတော့ ပြေလည်အောင်ဆိုတော့ ဒီတိုင်းရင်းသားရေးရာဝန်ကြီးဌာနက အများကြီးအကျိုးပြုမယ်လို့ ထင်လို့ လက်ခံ တယ် ။အဲဒီတာဝန်ကိုလည်း ယူခဲ့တာပဲ။

မေး။ ။ ဟုတ်ကဲ့။ နောက်တခုက ရွေးကောက်ပွဲအနိုင်ရ NLDအစိုးရဖွဲ့နိုင်ရင် တိုင်းနဲ့ပြည်နယ်တွေမှာ NLD ပါတီကကိုယ်စားလှယ်ကိုဘဲ ဝန်ကြီးချုပ်ခန့်သွားမဲ့အပေါ် တိုင်းရင်းသားပါတီတချို့က ကျေလည်မှုမရှိခဲ့သလို တိုင်းရင်းသားတွေရဲ့ပြည်နယ်တချို့မှာ အနိုင်ရတိုင်းရင်းသားပါတီကို ဝန်ကြီးချုပ်ခန့်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါ တယ်။ ဒီလိုအမြင်အပေါ်ဝန်ကြီးအနေနဲ့ ဘယ်လိုထင်မြင်ပါသလဲခင်ဗျ။

ဝန်ကြီး နိုင်သက်လွင်။ ။ ဒီ ၂၀၀၈ အခြေခံ ဥပဒေ နဲ့သွားမယ်ဆိုရင် ဝန်ကြီးချုပ်ရရင်လည်းပဲ အဲဒီပြည်နယ်က ပြည်ထောင်စုအစိုးရ ခိုင်းဖက် ပါပဲ။ သူခွင့်ပြုမှ လုပ်ရမယ့်ဟာတွေဆိုရင် ဘာမှထူးခြားချက်မရှိဘူး။ ကျနော်တို့တောင်းဆိုတဲ့ တန်းတူရေးဟာ ဒါတွေမဟုတ်ဘူး။ ပြည်နယ်က ဝန်ကြီးချုပ်ဆိုတာ လွှတ်တော်ပြည်နယ်အမတ်တွေကနေ ပြီးတော့ ရွေးချယ်ပြီးတော့ တင်မြှောက်တဲ့ ဝန်ကြီးချုပ်သာလျှင်သာ မှန်ကန်မယ်။ သူ့ ၂၀၀၈ အခြေခံဥပဒေဟာ မှန်မှ မမှန်ပဲဆိုတော့ ဒါတွေသွားပြီးတော့ ထည့်စဉ်းစားနေလို့ရှိရင် ဝန်ကြီးချုပ်ရရင်လည်း ပြည်ထောင်စုမှာပဲ အာဏာရှိတာ။

မေး။ ။ ဝန်ကြီးအနေနဲ့ပေါ့နော် လက်ရှိအစိုးရကနေဖေါ်ဆောင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဘယ်လိုမြင်ပါသလဲခင်ဗျ။

ဝန်ကြီး နိုင်သက်လွင်။ ။ ၂၀၀၈ အခြေခံ ဥပဒေကိုက တပ်မတော်ကို အထူးအခွင့်အရေးပေးထားတဲ့အခါကျတော့ သမ္မတက နံမည်ခံ သဘောပဲသက်ရောက်နေတဲ့အခါကျတော့ ပြီးခဲ့တဲ့ အစိုးရ ကိုပြောတာ။ ဒီမှာဆွေးနွေးပွဲလုပ်နေတုန်း ဟိုရှမ်းပြည်မှာ တိုက်ကြခိုက်ကြလုပ်နေတယ်။ အဲဒီဆွေးနွေးတဲ့ ရက်မှာကိုက တိုက်ပွဲဖြစ်နေတာဆိုတာက မှုမမှန်ဘူး ပုံစံမကြဘူးပေါ့။ သူတို့ အစိုးရအသစ်ကတော့ ဘယ်လိုလာမယ်ဆိုတာကတော့ တပ်မတော်နဲ့ သေချာညှိနှိုင်း တိုင်ပင်ပြီးမှ ဒီအဖြေကို ဆက်လုပ်လို့ရမှာပေါ့။

မေး။ ။ တိုင်းရင်းသားတွေမျှော်မှန်းတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအပေါ်မှာကကော ဝန်ကြီးရဲ့အမြင်သဘောထားကိုသိပါရစေခင်ဗျား။

ဝန်ကြီး နိုင်သက်လွင်။ ။ တိုင်းရင်းသားလူမျိုးစုအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲ ၊ ပင်လုံကဲ့သို့လို တခါထဲတွေ့ဆုံဆွေးနွေးပြီး မှ ပြည်ထောင်စုက ဘယ်အတိုင်းအတာထိ ကိုင်တွယ်မယ်၊ ပြည်နယ်က ဘယ်အတိုင်းအတာအထိ အာဏာတွေကို ခွဲဝေတဲ့နေရာမှာ ကျနော်တို့ ပြည်ထောင်စုနိုင်ငံနဲ့ သင့်တော်တဲ့ ပြည်ထောင်စုမြို့ဖြစ်အောင် အားလုံးလူမျိုးစုတွေ တခါထဲ ပင်လုံကဲ့သို့ လူမျိုးစုံ နိုင်ငံရေး ဆွေးနွေးပွဲလုပ်မှသာလျှင်ရမယ်ဆိုတာ အရင်တုန်းကလည်း သူပြောထားတယ်။ ကျနော်တို့လည်း လက်ခံပါတယ်။”

မေး။ ။ ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတဲ့ဝန်ကြီးနိုင်သက်လွင်ကိုကျေးဇူးအထူးတင်ရှိပါတယ်။”

ဝန်ကြီးနိုင်သက်လွင်ဟာ အသက်(၇၆)နှစ်အရွယ်ရှိပြီး လက်ရှိမွန်အမျိုးသား ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ နိုင်သက်လွင်ဟာ ရန်ကုန် တက္ကသိုလ်ကနေ ဒသနိကဗေနဲ့ဘွဲ့ရထားတာဖြစ်ပြီး ၁၉၅၈ ခုနှစ်ကနေ ယနေ့အထိ မွန်နိုင်ငံရေးမှာ လှုပ်ရှားနေသူ တဦးလဲဖြစ်ပါတယ်။

XS
SM
MD
LG