သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတမိန့်ခွန်း အကောင်အထည်ဖော်ဖို့ တိုင်းရင်းသား ၅ ပါတီ တောင်းဆို


European Commission President Jose Manuel Barroso (R) walks behind France's President Francois Hollande during a conference of the Donor Conference for development in Mali at the EU Headquarters in Brussels, Belgium.
European Commission President Jose Manuel Barroso (R) walks behind France's President Francois Hollande during a conference of the Donor Conference for development in Mali at the EU Headquarters in Brussels, Belgium.

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီ ၅ ပါတီရဲ့ ၂ ရက်ကြာ အစည်းအဝေးဟာ ဒီကနေ့ ပြီးဆုံးသွားခဲ့ပြီး နိုင်ငံရေး အပြောင်းအလဲတွေ ဖော်ဆောင်နိုင်ဖို့နဲ့ ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အချက် ၅ ချက် တင်ပြ တောင်းဆိုကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီအကြံပြု တောင်းဆိုချက်တွေဟာ မြန်မာပြည်ရဲ့ ပကတိ လိုအပ်ချက်တွေနဲ့လည်း ကိုက်ညီနေတာကြောင့် အစိုးရဘက်က အကောင်အထည် ဖော်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီတို့ ပါဝင်တဲ့ ၅ ပါတီ အစည်းအဝေးဟာ ဒီလ ၂၆ ရက်နေ့က စတင်ခဲ့ပြီး ဒီကနေ့ ၂၇ ရက်နေ့ ညနေပိုင်းမှာ ပြီးဆုံးသွားတာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးအတွင်းမှာ လွှတ်တော်ကျင်းပစဉ်က ဆွေးနွေး တင်ပြခဲ့ကြတဲ့ အချက်တွေကို ပြန်လှန် သုံးသပ်ခဲ့ကြပြီး ၂၇ ရက်နေ့ ညနေပိုင်းမှာတော့ အစိုးရသစ်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို အချက် ၅ ချက် တင်ပြ တောင်းဆိုခဲ့တယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီရဲ့ ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းက အခုလို ပြောပါတယ်။

“အဲဒီ ၅ ချက်က သမ္မတရဲ့ မိန့်ခွန်းကို ကြိုဆိုတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဖြစ်အောင်လို့ လုပ်ပေးပါ ဆိုပြီးတော့ တောင်းဆိုထားတဲ့ သဘောရှိတယ်။ နံပါတ် ၂ က တိုင်းရင်းသားတွေ နေထိုင်တဲ့ နေရာမှာ ဖွံ့ဖြိုးမှုကတော့ တိုင်းဒေသကြီးမှာ နေတဲ့သူထက်ကို ခြားနားတာပေါ့။ အဲဒါကြောင့် တည်ငြိမ်အေးချမ်းမှု ရမယ်ဆိုရင်တော့ တိုးတက်လာမယ်ပေါ့။ ဒါကြောင့် တည်ငြိမ်အေးချမ်းမှုရအောင် တက်လာတဲ့ အစိုးရသစ်က ဖန်တီးပေးပါဆိုတဲ့ တချက်။

“နောက်တချက်က အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်ပြီး အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေ့ါဗျာ။ ဒီအမိန့်ကို ထုတ်ပြန်ပေးပါ ဆိုပြီးတော့ ဒီလိုမျိုး တောင်းဆိုထားတဲ့ သဘောပါ။ နောက်တခါ နယ်စပ်ဒေသမှာ ဖွံ့ဖြိုးတိုးတက်ဖို့က နယ်စပ်ဒေသမှာရှိတဲ့ ပုဂ္ဂိုလ်ကို တာဝန်ပေးမယ်ဆို ဆောင်ရွက်ရတာ ပိုပြီးတော့ လွယ်ကူမယ်ဆိုတဲ့ အနေအထား။ နောက် တိုင်းရင်းသား ဒေသတွေမှာ နိမ့်ကျနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ အခြားကဏ္ဍတွေ အတွက်ကတော့ လူသားချင်း စာနာတဲ့ အကူအညီကို ပိုမိုပေးဖို့ ဆိုပြီးတော့ နိုင်ငံတကာ မိသားစုကို မေတ္တာရပ်ခံပြီး တောင်းဆိုထားတယ်ပေါ့ဗျာ။”

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက အထွေထွေ အတွင်းရေးမှူး ဦးလှစောကတော့ မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတဲ့ အရာတွေကို အကျေအလည် ညှိနှိုင်းတိုင်ပင်ပြီး တောင်းဆိုထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ တောင်းဆိုတာတွေက ဗမာပြည်မှာ တကယ်ဖြစ်သင့်တဲ့ ဟာတွေပဲဗျ။ ဥပမာ General Amnesty ကို ကျနော်တို့ တောင်းဆိုတယ်။ ဒါကလည်း ဗမာပြည်မှာ တကယ် အမျိုးသား ချစ်ကြည်ရေးကို ရှေ့ရှုပြီးတော့ General Amnesty ကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ပဲ။ ထုတ်လည်း ထုတ်ပေးမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။

“နောက်တခုကလည်း ပြည်တွင်း ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘဲနဲ့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲတော့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် တပ်မတော်ဘက်ကရော၊ တိုင်းရင်းသား အင်အားစုတွေ ဘက်ကရော လောလောဆယ်မှာ အပစ်အခတ် ရပ်စဲမယ် ဆိုရင်တော့ ပြည်သူတရပ်လုံးကတော့ တော်တော် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြမှာပဲ။ အဲဒါလည်း ဘာမှ မလိုက်လျောနိုင်စရာ မရှိပါဘူး။ ပြည်သူတရပ်လုံးကလည်း မျှော်လင့်တဲ့ကိစ္စ၊ တကယ့်ကို ဖြစ်နိုင်တဲ့၊ လက်တွေ့ကျတဲ့၊ ပြည်သူတရပ်လုံးလည်း မျှော်လင့်တဲ့၊ နိုင်ငံတကာမှာလည်း အင်မတန် မင်္ဂလာရမယ့် ကိစ္စပေါ့ဗျာ၊ ကျနော်တို့က တင်ပြတာပဲ ဖြစ်ပါတယ်ဗျာ။”

ဒီတောင်းဆိုချက်တွေ အပေါ်မှာတော့ အစိုးရက အကောင်အထည် ဖော်ပေးလိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား မဟာမိတ် ၅ ပါတီဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို လေ့လာဆန်းစစ်ပြီး အလားတူ အကြံပြုတာနဲ့ ဝေဖန်တာတွေကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးလှစောက ဆက်ပြောပါတယ်။

ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်း စတဲ့ တိုင်းရင်းသားပါတီ ၅ ပါတီဟာ အရင်ကလည်း ဒု-သမ္မတ တနေရာကို တိုင်းရင်းသားခေါင်းဆောင် တဦးဦးကို ခန့်ထားဖို့ တောင်းဆိုခဲ့ရာမှာ သူတို့ တောင်းဆိုတဲ့အတိုင်း အောင်မြင်မှု ရခဲ့ဖူးပါတယ်။

XS
SM
MD
LG