သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား လွှတ်ရေး တိုင်းရင်းသားပါတီတွေ သမ္မတထံ တောင်းဆိုမည်


နိုင်ငံရေးအကျဉ်းသား လွှတ်ရေး တိုင်းရင်းသားပါတီတွေ သမ္မတထံ တောင်းဆိုမည်
နိုင်ငံရေးအကျဉ်းသား လွှတ်ရေး တိုင်းရင်းသားပါတီတွေ သမ္မတထံ တောင်းဆိုမည်

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်မှာ ပါဝင်နေကြတဲ့ တိုင်းရင်းသား ပါတီတွေ စုပေါင်းပြီး နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သွားရေး အစိုးရသစ်ကို တိုက်တွန်းဖို့ ပြင်ဆင်နေကြပါတယ်။ ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းတိုင်းရင်းသားပါတီ ၅ ခုဟာ မနက်ဖြန်မှာ ကျင်းပဖို့ ရှိနေတဲ့ အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ်ရင်း အစိုးရသစ်ကို အကြံပြုမယ့် အစီအစဉ်တွေကို ဆွေးနွေးသွားကြမှာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီတို့ဟာ နိုင်ငံရေး အပြောင်းအလဲတွေအတွက် အခြေခံ လုပ်ငန်းစဉ်တွေ အစိုးရသစ်က ချမှတ်နိုင်ဖို့ အင်္ဂါနေ့ကစပြီး ၂ ရက်ကြာ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးရာမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက အထွေထွေ အတွင်းရေးမှူး ဦးလှစောက အခုလို ပြောပါတယ်။

“အဓိကတော့ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ လွှတ်တော်တွေပေါ့ဗျာ၊ ပြည်နယ်ရယ်၊ အမျိုးသားရယ်၊ အောက်ခြေ ပြည်နယ် လွှတ်တော်တွေ၊ အဲဒါတွေကို ပြန်လည်သုံးသပ်မယ်။ ပြီးတော့ လောလောဆယ် ကြုံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပြဿနာ၊ အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာတွေ၊ ဒီအချက် ၃ ချက်ကိုပဲ အဓိကထားပြီး ဆွေးနွေးချင်ပါတယ်။ ပြီးတော့ လက်ရှိ တိုင်းရင်းသား ဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းအသစ်တွေ၊ ပြုပြင်ပြောင်းလဲမှုတွေ၊ ဘယ်လောက်အတိုင်းအတာအထိ ဖော်ဆောင်မလဲ၊ ကျနော်တို့က ဘာတွေဖော်ဆောင်ချင်လဲဆိုတာ အသေးစိတ် ဆွေးနွေးရမယ်။”

ဒီအချက်တွေ ဆွေးနွေးသွားဖို့အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ အကြို ညှိနှိုင်းထားပြီးပြီလို့လည်း ဦးလှစောက ဆက်ပြောပါတယ်။

“ကျနော်တို့ လောလောဆယ် ကြိုညှိနှိုင်းထားတာတော့ မွန်နဲ့ ယာယီ ညှိနှိုင်းထားတာ ရှိပါတယ်။ တခြားပါတီနဲ့တော့ အသေးစိတ် မညှိရသေးဘူး။ ယေဘုယျ ပြောထားတာတော့ ရှိပါတယ်။ ရှမ်းနဲ့လည်း ကျနော်တို့ ယေဘုယျသဘောတွေ ညှိနှိုင်းထားတာ ရှိပါတယ်။ အသေးစိတ်ကတော့ အစည်းအဝေးပြီးမှ ပေါ်လာပါလိမ့်မယ်။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီကတော့ ရွေးကောက်ပွဲ အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်ဖို့ အဓိက ပြင်ဆင်ထားတယ်လို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်တဲ့ ဦးစောသန်းမြင့်က ပြောပါတယ်။

“ကျနော်တို့ကတော့ ပြီးခဲ့တဲ့ လွှတ်တော် အတွေ့အကြုံပါပဲ၊ အဓိကတော့။ ပြီးခဲ့တဲ့ လွှတ်တော် အတွေ့အကြုံနဲ့ ပတ်သက်ပြီးတော့ အားနည်းချက်၊ အားသာချက်တွေကို အဓိက ဆွေးနွေးသွားမယ်။”

အခုလို တိုင်းရင်းသားပါတီ ၅ ပါတီက အစည်းအဝေး ကျင်းပဖို့ ပြင်ဆင်ချိန်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ဝါရင့် နိုင်ငံရေးသမားကြီးတွေ၊ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တွေက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အစိုးရသစ်ကို လက်မှတ်ထိုး တောင်းဆိုတာတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေချိန်နဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက ပြည်ထောင်စုလွှတ်တော် အတွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ရေး ကိစ္စကို လွှတ်တော်ကိုယ်စားလှယ် တချို့က တင်ပြခဲ့ပေမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စဟာ ဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတ၊ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ရမှာ ဖြစ်တယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်တွေက ငြင်းပယ်ခဲ့တာကြောင့် လွှတ်တော်တွင်းမှာ ဆွေးနွေး မဲခွဲခွင့် မရခဲ့ပါဘူး။

XS
SM
MD
LG