သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော် ခေါင်းဆောင် NLD အဆိုပြုချက် တိုင်းရင်းသားတွေ ကြိုဆို


ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး လွှတ်တော်တက်လာစဉ်။ (ဇန်နဝါရီ ၈၊ ၂၀၁၆)
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး လွှတ်တော်တက်လာစဉ်။ (ဇန်နဝါရီ ၈၊ ၂၀၁၆)

လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ နေရာ ၄ နေရာမှာ တိုင်းရင်းသား ပုဂ္ဂိုလ်တွေကို ၃ နေရာ ပေးဖို့ အများစု အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင် အဆိုပြုလိုက်တာဟာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်တဲ့ အနေအထားဖြစ်တယ်လို့ တိုင်းသား နိုင်ငံရေး ပါတီတွေရဲ့ ခေါင်းဆောင် တချို့က ရှုမြင်ကြပါတယ်။ ဒါပေမယ့် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေရဲ့ အကန့်အသတ်ကြောင့် တိုင်းရင်းသားတွေ လွှတ်တော် အကြီးအကဲ နေရာတွေ ရလာပေမယ့် လုပ်ပိုင်ခွင့်နဲ့ လုပ်နိုင်စွမ်းကတော့ အကန့်အသတ် ရှိဦးမှာ ဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲရဲ့ ရွေးကောက်ခံ လွှတ်တော် အမတ်တွေနဲ့ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ခေါ်ယူမယ့် လွှတ်တော်သစ်တွေ အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ကွတ်ခိုင်မြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဦးတီခွန်မြတ် တို့ကို NLD က တရားဝင် အဆိုပြုလိုက်ပါတယ်။

နောက် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၈ အမျိုးသား လွှတ်တော် အမတ် ဦးမန်းဝင်းခိုင်သန်း၊ ရခိုင်အမျိုးသား ပါတီရဲ့ ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၆ အမျိုးသား လွှတ်တော် အမတ် ဦးအေးသာအောင်တို့ကို အဆိုပြုခံရပါတယ်။ လွှတ်တော် ၂ ရပ်ရဲ့ အကြီးအကဲ နေရာတွေကို လူနည်းစု တိုင်းရင်းသား ပုဂ္ဂိုလ် သုံးဦး အဆိုပြုခံရတဲ့ အပေါ်မှာ ကချင်ပြည်နယ် ဒီမိုကရေစီပါတ ီဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက ကြိုဆိုပါတယ်။

"အခုဒီ Structure အရ သူတို့ ဒီလို ခန့်အပ်တာကို ကြည့်ခြင်းအားဖြင့်တော့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်တဲ့ သဘော၊ နောက်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဦးတည်တဲ့ သဘောလို့တော့ မြင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကိုလည်း ထည့်တွက်တဲ့ သဘောပေါ့။ အဲဒါကြောင့် ဒီဟာကတော့ ဒီလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ ရွေးချယ်တဲ့ နေရာမှာ အားလုံး (၄) ဦးထဲမှာ တိုင်းရင်းသား (၃) ဦးပါတာပေါ့။ ဒါကတော့ ကောင်းတဲ့ လက္ခဏာဘဲလို့ မြင်ပါတယ်။ ဒီ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါလာတဲ့ အတွက်ကြောင့် သက်ဆိုင်ရာ တိုင်းရင်းသားတွေရဲ့ အရေးကိုတော့ သူတို့ ဒါ ကိုယ်စားပြုကြရမှာဘဲလေ။ နောက်ပြီး ဒီ NLD အနေနဲ့လည်း ဒီလို မျှော်ကိုးပြီးတော့ တိုင်းရင်းသားတွေကို နေရာပေးလာတာ ဖြစ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။"

ဒါပေမယ့် ပြည်နယ် အစိုးရကို ဦးဆောင်နိုင်ရေး တစိုက်မတ်မတ် တောင်းဆိုနေတဲ့ ရခိုင်အမျိုးသားပါတီ ANP ကတော့ ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တဦးဖြစ်တဲ့ ဦးအေးသာအောင်ကို အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဌ အဖြစ် အဆိုပြုခံရတဲ့ အပေါ် ပါတီရဲ့ ဆုံးဖြတ်ချက်ကို ခံယူသင့်တယ်လို့ ပြောဆိုပါတယ်။ ANP ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက အခုလို ပြောပါတယ်။

"ကျနော်တို့ကတော့ ဦးအေးသာအောင်ဟာ NLD က အမျိုးသား လွှတ်တော်မှာ လွှတ်တော် ဒု ဥက္ကဋ္ဌ နေရာကို ကမ်းလှမ်းတယ်ဆိုလို့ ရှိရင် သူ့အနေနဲ့ ပါတီမှာ တကယ့်ကို တာဝန်ရှိတဲ့ ပုဂ္ဂိုလ်၊ ကျနော်တို့ ပါတီက တကယ့်ကို လေးစားနေတဲ့ ပုဂ္ဂိုလ် တဦး အနေနဲ့ ပါတီကို ချပြသင့်တယ်။ ကျနော့်ကိုတော့ကား ဒီလို ဒီလို ကမ်းလှမ်းနေတယ်။ အဲဒီလို ကမ်းလှမ်းတဲ့ အပေါ်မှာ ပါတီက ဘယ်လို သဘောထားလဲ ဆိုတဲ့ ဟာကိုတော့ကား သူ ချပြသင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ အဲဒီလို ပါတီကို မချပြဘဲနဲ့ သူ့ဘာသာသူ သွားမယ်ဆိုလို့ ရှိရင်တော့ သူ့ရဲ့ အပိုင်းဘဲ ရှိလိမ့်မယ်လို့ ကျနော်တို့က အဲသလိုဘဲ သဘောထားပါတယ်။"

အခုအဆိုပြုခံရတဲ့ တိုင်းရင်းသား ပုဂ္ဂိုလ်တွေထဲမှာတော့ အကြီးဆုံးပြည်နယ်ကြီး ဖြစ် တဲ့ ရှမ်းတိုင်းရင်းသားတွေထဲကတော့ အဆိုပြု မခံရပါဘူး။ ဦးတီခွန်မြတ်ကလည်း ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ပြည်သူ့ လွှတ်တော် အမတ်ဆိုပေမယ့် ကချင် တိုင်းရင်းသား ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားတွေ အဆိုပြုမခံပေမယ့် အခု တိုင်းရင်းသားတွေကို လွှတ်တော် အကြီးအကဲ နေရာတွေ အဆိုပြုတာကို ကြိုဆိုတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးစိုင်းညွန့်လွင်ကတော့ တိုင်းရင်းသား အရေး ဆောင်ရွက်နိုင်စွမ်း ကတော့ အကန့်အသတ်တွေ ရှိမယ်လို့ ပြောဆိုပါတယ်။

"ဂရုစိုက်တဲ့ အဆင့်တော့ ရှိမှာပါ။ ပိုလုပ်လို့တော့ မရပါဘူး။ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။"

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လွှတ်တော်တွင်း အများစု အနိုင်ရပါတီက သမ္မတ၊ ဒုတိယ သမ္မတတွေနဲ့ လွှတ်တော် အကြီးအကဲနေရာတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ရာထူးတွေကို ရွေးချယ် တင်မြှောက်နိုင်မှာ ဖြစ်ပါတယ်။ အများစု အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြီးစိုးတဲ့ လွှတ်တော်တွေမှာ တိုင်းရင်းသားတွေ အကြီးအကဲ နေရာရလာပေမယ့် အခြေခံ ဥပဒေရဲ့ အကန့်အသတ်ကြောင့် တိုင်းရင်းသား အရေး ဇောင်းပေး လုပ်ဆောင်နိုင်မှုကတော့ အတော်လေး အကန့်အသတ် ရှိဦးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG