သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်းခေါင်စာရင်းပြဿနာ ကြိုတင်ရှင်းဖို့ တိုင်းရင်းသားတွေ တောင်းဆို


မကြာခင် စတင်ဆောင်ရွက်မယ့် သန်းခေါင်စာရင်းကောက်ယူမှုဟာ တိုင်းရင်းသားတွေအပေါ် ထိခိုက်တာတွေ၊ အချင်းချင်း စိတ်ဝမ်း ကွဲပြားတာတွေ ဖြစ်ပေါ်စေနိုင်တာကြောင့် ဒီအခြေအနေတွေကို ဖြေရှင်းပြီးမှသာ သန်းခေါင်စာရင်းကောက်ယူဖို့အတွက် တိုင်းရင်းသား လူမှုအခြေပြုအဖွဲ့အစည်း ၃၀ က တောင်းဆိုလိုက်ပါတယ်။ ဒီလိုဖြေရှင်းဖို့အတွက် တိုင်းရင်းသား အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ အမြန်ဆုံးတွေ့ဆုံဖို့ကိုလည်း တောင်းဆိုထားပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီနှစ်မတ်လကုန်မှာ စတင်မယ့် သန်းခေါင်စာရင်းကောက်ယူမှုမှာ အသုံးပြုမယ့် code အမှတ်အသားတွေ သတ်မှတ်ရာမှာ မျိုးနွယ်စု အမည် မှားယွင်းတာ၊ ပါဝင်သင့်တဲ့ မျိုးနွယ်စုအမည်စာရင်းတွေ ကျန်ရှိနေတာ၊ မျိုးနွယ်စုတခုတည်းကို ဒေသန္တရ အခေါ်အဝေါ်နဲ့ နှစ်ကြိမ်၊ သုံးကြိမ် ဖော်ပြတာတွေကြောင့် သက်ဆိုင်ရာတိုင်းရင်းသားမျိုးနွယ်စုတွေက ကန့်ကွက်တာတွေ ထွက်ပေါ်နေချိန်မှာပဲ တိုင်းရင်းသား လူမှုအခြေပြု အဖွဲ့အစည်း ၃၀ က အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

သန်းခေါင်စာရင်းကောက်ယူတာကြောင့် တိုင်းရင်းသားတွေအပေါ် ထိခိုက်နိုင်တဲ့အခြေအနေတွေကို ရှာဖွေပြီးတဲ့နောက် တောင်းဆိုတာ ဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ယက်က ဒေါ်ခွန်ဂျာက ပြောပါတယ်။

“အဓိက-ကတော့ သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီးတော့မှ တိုင်းရင်းသားအားလုံး ထိခိုက်နစ်နာနေတဲ့ common ground ပေါ့နော်။ အဲဒါကိုရှာလိုက်တယ်။ ပြီးလို့ရှိရင် အဲဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဆွေးနွေးတိုင်ပင်ပြီးတော့မှ ထုတ်ပြန်လိုက်တာပါရှင်။ နံပါတ်တစ်ကတော့ အမြန်ဆုံး တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့ဆုံ ဆွေးနွေးဖို့၊ နံပါတ်နှစ်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ စိုးရိမ်ပူပန်မှုတွေ၊ အခက်အခဲတွေ၊ ပြဿနာတွေအားလုံးကို ဖြေရှင်းပြီးမှ သန်းခေါင်စာရင်းကောက်ခံမှုကို ပြုလုပ်ဖို့ဖြစ်ပါတယ်။”

လောလောဆယ်မှာ တိုင်းရင်းသားလူမျိုးစုတွေဟာ သန်းခေါင်စာရင်းကောက်ယူမှုအတွက် သက်ဆိုင်ရာ ကော်မတီတွေ၊ အဖွဲ့အစည်းတွေ ဖွဲ့စည်းဆောင်ရွက်နေကြပြီဖြစ်တာကြောင့် ဒီကော်မတီအဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ တောင်းဆိုထားတာဖြစ်တယ်လို့ ပြောပါတယ်။ အစိုးရက ပြင်ဆင်ထားတဲ့ သန်းခေါင်စာရင်းကောက်ယူမှုက ထိခိုက်မယ့်အခြေအနေတွေကို ဒေါ်ခွန်ဂျာက အခုလို ပြောပါတယ်။

“ဥပမာ- ကရင်ကိုပဲ ကြည့် ကြည့်ရအောင်။ ကရင်မှာဆိုလို့ရှိရင် ဂယ်ခို၊ ဂယ်ဘားဆိုတာ ကရင်လူမျိုးဖြစ်တယ်ရှင့်။ ဒီ ကရင်လူမျိုး ဂယ်ခို ဂယ်ဘားကို သူတို့က ကယားထဲမှာထည့်လိုက်တယ်ရှင့်။ ကယားထဲမှာထည့်လိုက်တယ်ဆိုရင် ဒီ ဂယ်ခို ဂယ်ဘားက ကရင်လူမျိုးရဲ့ လူဦးရေထဲမှာ နှစ်မျိုးတောင်မှ လျော့သွားပါတယ်ရှင့်။ အကယ်၍ ဂယ်ခို၊ ဂယ်ဘားထည့်အုံးတော့ ကယားလူဦးရေပဲတိုးလာမှာဖြစ်တယ်။ ကရင်လူဦးရေမတိုးတော့ဘူးပေါ့။ နောက်ဥပမာတစ်ခုက နာဂ၊ နာဂဟာချင်းမဟုတ်ဘူး။ နာဂကို ချင်းအောက်မှာထည့်ထားတယ်ဆိုတဲ့အခါကျတော့ ချင်းနဲ့နာဂက စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်လာနိုင်တယ်လေ။ အဲလိုမျိုးပေါ့။”

နောက်တချက်ကတော့ ကချင်လူမျိုးရဲ့ ၁၂ % ဟာ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ထိမ်းချုပ်တဲ့ဒေသအတွင်း ဒုက္ဒသည်စခန်းတွေကို ရောက်ရှိနေတာကြောင့် စစ်ပွဲတွေ ငြိမ်းချမ်းမှ ကောက်ယူတာက ပိုမိုသင့်တော်မယ်လို့လည်း ဒေါ်ခွန်ဂျာက ထောက်ပြပါတယ်။

ဒီအခြေအနေတွေကို မဖြေရှင်းဘဲ သန်းခေါင်စာရင်းကောက်ယူမယ်ဆိုရင် တိုင်းရင်းသားမျိုးနွယ်စုတွေအကြား တင်းမာမှုတွေဖြစ်ပြီး အချင်းချင်းပဋိပက္ခတွေ ဖြစ်လာနိုင်မယ်လို့လည်း သုံးသပ်ပါတယ်။

“အခုဆိုရင် ကျမတို့ တိုင်းရင်းသားတွေ၊ မျိုးနွယ်စုတွေကြားထဲမှာ tension တွေ အများကြီးများနေပြီပေါ့။ အဲလိုမျိုး tension တွေဆိုတာ conflict ဆိုတဲ့ ဒီ ပဋိပက္ခတွေကို ဖြစ်ပေါ်လာစေဖို့ အင်မတန်မှ နီးစပ်ပါတယ်ရှင့်။ အဲဒီတော့ ethnic tension ကနေပြီး ethnic conflict မဖြစ်အောင် ကျမတို့တားဆီးဖို့ လိုအပ်တယ်။ လောလောဆယ်အနေနဲ့သာ ထပ်ကောက်မယ်ဆိုလို့ရှိရင်တော့ ethnic conflict ဖြစ်လာနိုင်ဖို့ အများကြီးအလားအလာရှိတယ်။ လက်ရှိလောလောဆယ်အနေနဲ့ ဒီလက်နက်ကိုင် ပဋိပက္ခကြားမှာတော့ အပစ်အခတ်ရပ်စဲရေးသော်လည်းကောင်း၊ ငြိမ်းချမ်းရေးသော်လည်းကောင်း process တခုလုံးမှာ ဘယ်လိုမှ အခြေမခိုင်သေးတဲ့အချိန်မှာ ဒီဟာကြီးကို (သန်းခေါင်စာရင်း) လာလုပ်တာတော့ ဘယ်လိုမှ အဆင်မပြေဘူးရှင့်။”

တိုင်းရင်းသားတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပြီးမှသာ သန်းခေါင်စာရင်းကောက်ယူဖို့ကိုလည်း တိုင်းရင်းသား လူမှုအဖွဲအစည်းတွေက တောင်းဆိုထားပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဒီလ ၁၀ရက်နေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ တိုင်းရင်းသားလူမျိုး အဖွဲ့အချို့က သန်းခေါင်စာရင်းကောက်ယူတာကို အကျေအလည်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ တောင်းဆိုတာတွေ ရှိပေမယ့် သတ်မှတ်ရက်ကို နောက်ရွှေ့သွားမှာ မဟုတ်ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံတဝှမ်းလုံး သန်းခေါင်စာရင်းကောက်ယူတာကိုတော့ မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့အတွင်း ဆောင်ရွက်ဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နောက်ဆုံးသန်းခေါင်စာရင်းကောက်ယူခဲ့တာကတော့ ၁၉၈၃ ခုနှစ်က ဖြစ်ပြီး အခုတကြိမ်ဟာ နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း ပထမဆုံး ပြန်လည်ကောက်ယူမှာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG