သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တိုက်ပွဲကြောင့် ဒုက္ခသည်တွေ တရုတ်ပြည်ဖက် ထွက်ပြေး


ကချင်ပြည်နယ်၊ မန်စီမြိုနယ်နဲ့ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်အတွင်းမှာ မြန်မာအစိုးရတပ်တွေနဲ့ ကချင်တပ်တွေတိုက်ပွဲတွေဖြစ်ပြီး လက်နက်ကြီးတွေကျတာကြောင့် ဒုက္ခသည်တွေ တရုတ်ပြည်နယ်စပ်ဘက်ကို ထောင်ဂဏန်းလောက် ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။ ဒီအတောအတွင်း ဧပြီလ ၁၃ ရက်နေ့ကစပြီး မြန်မာစစ်တပ်ဘက်က စစ်အင်အားတွေ တိုးချဲ့လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ တပြည်လုံးအပစ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သဘောတူညီမှုတွေ ရရှိနေချိန်မှာပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ ဧပြီလ ၁၀ ရက်ခန့်ကစလို့ တိုက်ပွဲတွေဖြစ်နေပြီး လက်နက်ကြီးတွေ ကျရောက်နေတဲ့အတွက် ကချင် ဒုက္ခသည် တွေနဲ့ ရှမ်းရွာသားတွေဟာ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး တချို့ကတော့ တရုတ်ပြည်နယ်စပ်အထိ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ တရုတ်နယ်စပ်က အခြေအနေကို ဗမာပြည်ကွန်မြူနစ်ပါတီက ဒေါ်လှကျော်ဇောက အခုလို ပြောပါတယ်။

“မနေ့တုန်းက တရုတ်ပြည်ထဲကို ဒုက္ခသည်တွေ အများကြီး ပြေးဝင်လာတယ်။ တိုက်ပွဲတွေကြောင့်-တဲ့၊ ဒုက္ခသည်စခန်းနားမှာကို ကျည်ဆံတွေကျလို့-တဲ့။ ဒုက္ခသည်စခန်းက လူတွေကကိုက ထပ်ပြေးလာရတာ။ လူပေါင်း ၂ ထောင်လောက် ပြေးဝင်လာတယ်လို့ ပြောတယ်။ ပထမတော့ တရုတ်က ပိတ်ထားတယ်-တဲ့။ နောက်တော့ ဖွင့်လိုက်တယ်လို့ ပြောတယ်။ ရွှေလီတို့၊ လုံတောင်းတို့ဘက်-တဲ့။ လုံတောင်းလေ- ရွှေလီနဲ့ ကပ်နေတာရော၊ ဗမာနယ်စပ်နဲ့၊ အဲဒီနား ကပ်နေတာပဲ။ ရှမ်းအများစု၊ လွယ်ကျယ်ဘက်လည်း ဝင်တယ်-တဲ့။ အဲဒီဘက်လည်း တပ်တွေ အပြောင်းအရွှေ့တွေ တအားဝင်လာလို့-တဲ့။ လွယ်ကျယ်ဘက်ကလည်း လူတွေ ထွက်ပြေးလာတာတွေ ရှိတယ်။ ရွှေလီ- လုံတောင်းဘက်ကိုလည်း ထွက်ပြေးလာတာတွေ ရှိတယ်-တဲ့။ လူ ၂ ထောင်လောက်တော့ ရှိပါတယ်။”

တိုက်ပွဲဖြစ်တဲ့အတွက် တရုတ်နိုင်ငံဘက်က နယ်စပ်တွေကို ပိတ်ထားပါတယ်။ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကချင်အမျိုးသမီး အစည်းအရုံးက အော့နန်းကတော့ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်မှုတွေ များလာတယ်လို့ ဆိုပါတယ်။

“ကျမသိသလောက်က အခုက စစ်ပြေးဒုက္ခသည်တွေ ဝင်းပင်းနားက လဂျားယမ်ကမ့် ရှိတယ်လေ။ အဲဒီကမ့်နားက လူတွေက များသောအားဖြင့် ပြေးလာကြတော့ IDP ကမ့်မှာ နေလို့ မရတော့ဘူး။ နေလို့မရတော့ အဲဒီ လဂျားယမ်ဘက်နဲ့နီးတဲ့ တရုတ်နယ်စပ်မှာ အဲဒီမှာ တချို့အဖွဲ့တွေ ပြေးဝင်သွားတဲ့သူတွေရှိတယ်။ တချို့အဖွဲ့တွေက မန်ဝိန်းမြို့ဘက်မှာပေါ့- -- ဘက်မှာ ပြေးသွားတဲ့သူရှိတယ်ပေါ့။ ပြီးရင် ရှမ်းရွာဘက်မှာရော ဒီဘက်နဲ့ကျတော့ မန်ဝိန်းဘက်က ရှမ်းရွာဘက်က လူတွေရော၊ များသောအားဖြင့် နမ့်ခမ်းဘက်က ကချင်ဘုရားကျောင်းဘက်နဲ့ ဘုန်းကြီးကျောင်းဘက် ပြေးသွားတဲ့လူတွေ ရှိတယ်ပေါ့နော်။ အခုတော့ IDP တွေ အဲဒီနေရာတွေမှာ ပြေးသွားနေတယ်-တဲ့။”

တိုက်ပွဲဖြစ်နေတဲ့နေရာက ကချင်အမျိုးသမီးတစ်ဦးကတော့ စစ်အင်အားတွေတိုးချဲ့ပြီး တက်လာနေတယ်ဆိုတာတွေ ကြားနေရကြောင်းနဲ့ ရှမ်းရွာသားတချို့ လက်နက်ကျည်ဆံထိမှန်ခဲ့ကြောင်း လက်ရှိ ဒုက္ခသည်တချို့ရဲ့ ခိုလှုံနေထိုင်မှု အခြေအနေတွေကို ပြောပြပါတယ်။

“အမြဲတမ်း တိုးချဲ့နေတာပေါ့နော်။ အခုက ကျမတို့ ဒီမှာ နေတဲ့နေရာက တနေ့ကဖြစ်တဲ့ တိုက်ပွဲနားမှာပေါ့၊ ရှမ်း၊ ပမ့်ခမ်းပါဆိုတဲ့ ရှမ်းရွာလေးက ရွာသူ ရွာသားတွေပေါ့။ တယောက်တော့ နည်းနည်း ထိသွားတာပေါ့။ တချို့ရှမ်းရွာတွေကတော့ နောင်တောင်းဘက်၊ သူတို့ ဆွေမျိုးတွေရှိတဲ့ဆီမှာ ခိုလှုံနေတယ်ပေါ့နော်။ ထွက်ပြေးနေရတဲ့စာရင်းက အတိအကျမရဘူးပေါ့နော်။ အခု ကျမတို့နဲ့ လမ်းပေါက်နေတဲ့ နေရာကတော့ ၂၀၀ နီးပါး၊ ၁၀၀ ကျော်လောက်၊ တရုတ်ပြည်ရဲ့ ---ချီရွာနားမှာပေါ့၊ မနောကွင်းရဲ့ခမ်းမမှာနေတာပေါ့။”

ဧပြီလ ၁၃ ရက်နေ့ကရတဲ့သတင်းတွေအရ စစ်အင်အားဖြည့်ဖို့လာတဲ့ မြန်မာစစ်တပ်ရဲ့ကားတန်းတွေကို KIO ကနေ တိုက်ခိုက်မှုတွေကြောင့် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ကြောင်း၊ နောက်ဆုံးရတဲ့သတင်းတွေအရ ကချင်ပြည်နယ်၊ ဗန်းမော်ဘက်ကနေလာတဲ့ စစ်ကားတွေ၊ ရှမ်းပြည်နယ် နမ့်ခမ်းဘက်က တက်လာတဲ့စစ်ကားတွေဟာ အနည်းဆုံး ၁၀ စီးကျော်ရှိပြီး တိုက်ပွဲတွေရှိရာဘက်ကို ဦးတည်လာနေတဲ့ အကြောင်း သိရပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
XS
SM
MD
LG