သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရ လက်ထက် ငြိမ်းချမ်းရေး ရဖို့ ပိုမျှော်လင့်


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တက်ရောက်သူများ။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တက်ရောက်သူများ။

နောင်တက်လာမယ့် အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးရရှိဖို့ မျှော်လင့်တဲ့အကြောင်း NCA စာချုပ်မှာ လက်မှတ်ရေးထိုး မထားတဲ့ တိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။ လက်ရှိအစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးညီလာခံ လုပ်တာဟာ နိုင်ငံရေးလှည့်ကွက် အနေနဲ့လုပ်တာဖြစ်တယ်လို့လည်း အဲဒီတိုင်းရင်းသားအဖွဲ့တွေက ပြောဆိုပါတယ်။ ကိုအောင်အောင်က တင်ပြပေးမှာပါ။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တချို့ တိုက်ပွဲတွေဖြစ်နေ ချိန်မှာပဲ နေပြည်တော်မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အင်္ဂါနေ့က စတင် ကျင်းပနေပါတယ်။ ဒီ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဟာ အစိုးရနဲ့ ABSDF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့အကြား လက်မှတ်ရေးထိုးခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA အရ စတင်တာပါ။

NCA စာချုပ်မှာ လက်မှတ်ရေးထိုးခြင်းမရှိတဲ့ ကျန်တိုင်းရင်းသားအဖွဲ့ ၁၀ ဖွဲ့ကျော်ထဲမှာ ပါဝင်တဲ့ TNLA ခေါ် တအောင်းပလောင် လွတ်မြောက်ရေးတပ်ရဲ့ ပြန်ကြားရေး တာဝန်ခံ မိုင်အိုက်ကျော်က နောင်တက်လာမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာတော့ ဆက်လက် ပါဝင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

"ငြိမ်းချမ်းရေးကတော့ ကျနော်တို့ဘက်က ဘယ်အစိုးရဖြစ်ဖြစ်ပါ။ အရင်အစိုးရ လက်ထက်တုန်းကလည်း ဆွေးနွေးတယ်။ ဒါပေမဲ့ အောင်မြင်မှုမရခဲ့ဘူး။ အဆင်ပြေမှု မရှိခဲ့ဘူး။ ဒီလာမယ့် အစိုးရလက်ထက်လည်း ကျနော်တို့ ငြိမ်းချမ်းရေး ကိစ္စ ဆက်ပြီးတော့ ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်။ ကျနော်တို့ နောင်တက်လာမယ့် NLD အစိုးရအဖွဲ့နဲ့ ငြိမ်းချမ်းရေး ကိစ္စကို ပိုပြီးတော့မှ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ငြိမ်းချမ်းရေး ကိစ္စတွေရော၊ တိုင်းရင်းသားအရေးတွေရော သူတို့က ဆောင်ရွက်တော့ မယ် လို့ တွေ့ရတယ်။ သူတို့က လူထုကို အခြေခံပြီးတော့မှ တက်လာတဲ့ အစိုးရဖြစ်တဲ့အတွက် လူထုရဲ့ဆန္ဒ အများရဲ့ဆန္ဒကို ဦးစားပေး ဆောင်ရွက်မယ် လို့တော့ ယုံကြည်တယ်။"

ငြိမ်းချမ်းရေးညီလာခံအဖွင့် မိန့်ခွန်းပြောကြားရာမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က NCA ကို လက်မှတ်ရေးထိုးမထားတဲ့ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ တပ်မတော်ကို သံသယစိတ်မထားဘဲ ဒီအဖွဲ့တွေရဲ့ ဆန္ဒအတိုင်း အချိန်မရွေးလက်မှတ်ရေးထိုးနိုင်ဖို့ တံခါးဖွင့်ထားတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း NCCT တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ဝင် ၁၆ ဖွဲ့ကနေ NCA မူကြမ်း ကိုရေးဆွဲပြီး နောက်ပိုင်း မှာ အစိုးရဘက်နေ တိုင်းရင်းသားအဖွဲ့ ၆ ဖွဲ့ကို NCA မှာ လက်မှတ်ရေးထိုးခွင့် မပြုခဲ့တာကြောင့် အခုကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်ခြင်းမရှိတာလို့ UNFC ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ ပြောခွင့်ရ ဦးထွန်းဇော်က ပြောပါတယ်။

" အဓိက ကတော့ အခြေအနေ သုံးရပ်ကြောင့်ပါ။ တစ် တချက်ကတော့ NCA လို့ခေါ်တဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ အားလုံးပါဝင်မှုမရှိဘူး။ နှစ် တခ ျက် ကတော့ NCA လက်မှတ်ထိုးခြင်းအပေါ်မှာ အကြောင်းပြုပြီးတော့ ခွဲခြား ဆက်ဆံပြုမူမှုတွေ ရှိနေတယ်။ တတိယ တချက်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ရက်နေ့က အတည်ပြုသွားတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကလည်းပဲ ကျနော်တို့ လိုလားတဲ့ပုံစံ မဟုတ်ဘူးပေါ့လေ။ ဒီအခြေအနေသုံးရပ်ကြောင့် ကျနော်တို့ မတက်ရောက်နိုင်ခြင်း ဖြစ်ပါတယ်။ အဓိက အားဖြင့်ပေါ့။ "

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကတော့ လူထုကပေးထားတဲ့ လုပ်ပိုင်ခွင့်ကိုအခြေခံပြီး ထာဝရငြိမ်းချမ်းရေး ရယူရမယ့် တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ရှိတယ်ဆိုပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအဖွင့် မိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောကြားသွားပါတယ်။

အခုလို နိုင်ငံအတွက် မရှိမဖြစ်လိုအပ်တဲ့ ငြိမ်းချမ်းရေး တည်ဆောင်နိုင်ဖို့ အကောင်အထည်ဖေါ်တဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ ပါဝင်ဖို့ အဆင်သင့်ပဲလို့ ဦးထွန်းဇော်က အခုလိုဆက်ပြောပါတယ်။

" UNFC အနေနဲ့ကတော့ လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ အားလုံး အတူတကွ ရှိနေပါတယ်။ ကျနော်တို့ UNFC ထဲမှာပေါ့လေ။ ဒီ UNFC အနေနဲ့ အားလုံးပါဝင်ရေး ဆက်လက်ကြိုးပမ်းသွားမှာပါ။ UNFC မှာ နိုင်ငံရေးဆွေးနွေးဖို့ ကိုယ်စားလှယ်အဖွဲ့ စုဖွဲ့ပြီးသားဖြစ်ပါတယ်။ NLD အနေနဲ့ ငြိမ်းချမ်းရေး ကိစ္စကို ဦးစားပေးအနေနဲ့ ထားတယ်လို့ ကျနော်တို့ သိရှိရတယ်ပေါ့လေ။ NLD အနေနဲ့က အခုက တာဝန်အလွှဲအပြောင်း နောက်ပြီးတော့ အစိုးရသစ်ဖွဲ့ရေးကိစ္စတွေအတွက် အလုပ်ရှုပ်နေလားတော့ မသိဘူးပေါ့လေ။ ကျနော်တို့ဘက်ကတော့ အဆင်သင့် အနေအထားမှာ ရှိပါတယ်။ ဖြစ်ပေါ်လာတဲ့ အစိုးရပဲဖြစ်ဖြစ် လက်ရှိအစိုးရနဲ့ပဲဖြစ်ဖြစ် အားလုံးပါဝင်ရေးနဲ့ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးဖြစ်စဉ် ကိုပေါ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်စဉ် အဆင့်ဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် ကျနော်တို့ တတ်နိုင်သလောက် ကြိုးပမ်းဖို့ သန္နိဋ္ဌာန် ချထားပြီး ဖြစ်ပါတယ်။ "

မကြာသေးခင် ရက်ပိုင်းတွေအတွင်းမှာပဲ ကချင်ပြည်နယ် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ မြန်မာအစိုးရတပ်နဲ့ တိုင်းရင်းသားအဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် ရခိုင်ပြည်နယ် ကျော်တော်မြို့အပါအဝင် ဒေသတချို့မှာ စစ်ရပ်ဆဲရေး ဆန္ဒပြပွဲတွေ ကျင်းပခဲ့ပါတယ်။

အခုလိုစစ်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံလူထုအနေနဲ့ နေရပ်ဒေသကနေ စစ်ဘေးတိမ်းရှောင်နေရသလို လုပ်အားပေးပေါ်တာဆွဲမှာစိုးရိမ်တာကြောင့် ရခိုင်ပြည်နယ်က ဒေသအချို့မှာလည်း အရွယ်ရောက်ပြီးသူတွေ ပုန်းအောင်း နေထိုင်နေကြရပါတယ်။

XS
SM
MD
LG