မြန်မာနိုင်ငံမှာ အရေးကြီးတဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီး ဒီအပြောင်းအလဲ အရှိန်အဟုန်ကို ထောက်ခံ အားပေးသွားဖို့ ဥရောပသမဂ္ဂ EU က မျှော်လင့်ထားပါတယ်လို့ EU ရဲ့ ထိပ်တန်းသံတမန် တစ်ယောက်က ပြောလိုက်ပါတယ်။
ဥရောပသမဂ္ဂက ကမကထလုပ်ပြီးကျင်းပတဲ့ ဘဏ္ဍာငွေကြေးပိုင်း ပြုပြင်ပြောင်းလဲရေးနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲအတွင်း ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံဆိုင်ရာ EU ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ David Lipman က အဲဒီလိုပြောလိုက်တာပါ။ ဆွေးနွေးပွဲကို ဒီကနေ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ စတင်ပြီး နှစ်ရက်ကြာကျင်းပမှာ ဖြစ်ပါတယ်။
ဒီကနေ့ဆွေးနွေးပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။ မြန်မာအစိုးရတာဝန်ရှိသူတွေပါ တက်ရောက်တဲ့ ဆွေးနွေးပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တာဟာဖြင့် ဒီဆွေးနွေးပွဲနဲ့ဆိုရင် နှစ်ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲတွေမှာ အကြံပြု ဆွေးနွေးကြတာတွေဟာ လက်တွေ့ အကောင်အထည် ဖော်နိုင်တဲ့ အကြံပြုချက်တွေ ဖြစ်တယ်လို့ ဆွေးနွေးပွဲ တက်ရောက်သူတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။ အခုလုပ်နေတာတွေဟာ နောက်ပိုင်းမှာ သက်ရောက်မှုတွေ ဖြစ်လာလိမ့်မယ်လို့ သူထင်တဲ့အကြောင်း မြန်မာ့ဓနမဂ္ဂဇင်းရဲ့အယ်ဒီတာချုပ် ဦးသီဟစောက ဗွီအိုအေကို ပြောခဲ့တာပါ။
ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် လုပ်တဲ့နေရာမှာ ကဏ္ဍတစ်ခုချင်းစီကို တိုးတက်အောင် လုပ်ရုံနဲ့ မလုံလောက်ဘဲ စီးပွားရေးတစ်ခုလုံးကို တိုးတက်လာအောင်လုပ်ဖို့၊ ပုဂ္ဂလိကကဏ္ဍတခုလုံးကို တိုးတက်လာအောင်လုပ်ဖို့ လိုသလို ဘဏ္ဍာရေးနဲ့ ငွေကြေးကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း လုပ်ဖို့လိုအပ်ပါတယ်လို့ ဆွေးနွေးပွဲတက်ရောက်သူ နောက်တစ်ဦးဖြစ်တဲ့ ဗဟု တတ်သိပညာရှင်များအဖွဲ့က စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက ပြောပါတယ်။