သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာအကူအညီကိစ္စ အီးယူသံအမတ်ကြီး ၈၈နဲ့တွေ့ဆုံ


EU သံအမတ်Roland Kobia နဲ့အဖွဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဂျင်မီတို့နဲ့တွေ့ဆုံစဉ်။ (မေ ၅၊ ၂၀၁၄။ ဓာတ်ပုံ ၈၈ မျိုးဆက် fb)
EU သံအမတ်Roland Kobia နဲ့အဖွဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဂျင်မီတို့နဲ့တွေ့ဆုံစဉ်။ (မေ ၅၊ ၂၀၁၄။ ဓာတ်ပုံ ၈၈ မျိုးဆက် fb)
EU ဥရောပသမဂ္ဂသံအမတ်ကြီး Roland Kobia နဲ့အဖွဲ့ဟာ မေလ (၅) ရက် မနက်ပိုင်းက ရန်ကုန် သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်အဖွဲ့ရုံးကို လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံကို အကူအညီပေးနေတဲ့ ဥရောပသမဂ္ဂအနေနဲ့ ဘယ်လို ကဏ္ဍမျိုးမှာ အကူအညီတွေ ဆက်ပေးဖို့ သင့်မလဲဆိုတဲ့ ၈၈ မျိုးဆက်ရဲ့ သဘောထားအမြင်တွေကို လာရောက် ဆွေးနွေးခဲ့ပါတယ်။ ဒီအကြောင်း ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့တွေ့ဆုံချိန်မှာ ဥရောပသမဂ္ဂသံအမတ်ကြီး Roland Kobia က မြန်မာနိုင်ငံကို EU ဘက်က ဘယ်လိုကဏ္ဍတွေမှာ အားစိုက်ကူညီနေသလဲဆိုတဲ့အကြောင်း စပြီးရှင်းပြခဲ့တယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးဂျင်မီက VOA ကို ပြောပါတယ်။

“EU ရဲ့ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့အနေအထားတွေကို သူက ရှင်းပြပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ နောက် စီးပွားရေးနဲ့ပတ်သက်လို့- ပညာရေး၊ ကျန်းမာရေး-စတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ သူတို့ ထဲထဲဝင်ဝင် ဝင်ရောက်ပြီးတော့ ကြိုးပမ်းနေတာတွေ ရှိပါတယ်။ သူတို့ပြောတဲ့ အထဲမှာလည်း အရင်က သူတို့ မျှော်လင့်ခဲ့သလို အကောင်အထည် ဖော်နိုင်တာတွေလည်း ရှိသလို အကောင်အထည်မဖော်နိုင်တဲ့ ကိစ္စတွေလည်း ရှိနေတယ်ဆိုတဲ့အကြောင်းကို ပြောပြပါတယ်။ အထူးသဖြင့် ကျနော်တို့တတွေအနေနဲ့ပေါ့လေ EU က လုပ်နေကိုင်နေတာတွေဟာ ဘယ်နေရာတွေကနေ လုပ်ကိုင်ရင် ပိုပြီးတော့ ထိရောက်မှုရှိနိုင်မလဲဆိုတဲ့ မေးခွန်းမျိုးတွေကို မေးပါတယ်။ ကျနော်တို့ဘက်ကလည်း ဝင်ရောက်လုပ်ကိုင်နိုင်တဲ့နေရာတွေကို ထောက်ပြဆွေးနွေးတာတွေ ရှိပါတယ်။ ဒါက ပထမအကြိမ်ဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ကျနော်တို့ အနီးကပ် ထိတွေ့ဆက်ဆံပြီးတော့ ဆက်ပြီး ဆွေးနွေးသွားပါအုံးမယ်။”

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ EU ဘက်က ဘာတွေ လုပ်ပေးနိုင်သလဲဆိုတာ မေးမြန်းလာတဲ့အတွက် သူတို့ဘက်က ဆွေးနွေးခဲ့ကြောင်း ဦးဂျင်မီကပြောပါတယ်။

“ကျနော်တို့ပြောတာက- EU ဘက်က သုံးနေတဲ့ ငွေကြေးတွေက အလဟဿမဖြစ်ဖို့ အရေးကြီးတယ်ဆိုတာတော့ ကျနော်တို့ သတိပေးတယ်။ နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စတွေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာလည်း EU ဘက်က ဆောင်ရွက်နေတဲ့အခါမှာ သတိထားပြီး ဆောင်ရွက်ဖို့၊ အခြေအနေကို အသေးစိတ်လေ့လာဖို့ ကျနော်တို့ အကြံပြုတယ်။ နောက်တစ်ချက်က ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ကတော့ Natural Resource- သဘာဝအရင်းအမြစ်တွေကို အဓိကမထားဘဲနဲ့ ကျနော်တို့တိုင်းပြည်မှာ အခြေခံကျတဲ့ ပြည်သူတွေ အလုပ်ရရှိရေးပေါ့။ အများပြည်သူတွေက အလုပ်လက်မဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာကိုး၊ သူတို့ရဲ့ အလုပ်ခွင်တွေ ဖန်တီးနိုင်ဖို့၊ အဲဒီကိစ္စတွေကို အာရုံစိုက်ဖို့အတွက်ကိုပဲ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ သူတို့ဘက်ကလည်း ဒါကို လက်ခံပါတယ်။ ကြိုးစားပြီးတော့ ဆောင်ရွက်နိုင်အောင် သူတို့ဘက်က လုပ်မယ်ပေါ့။”

အဲဒါအပြင် ဒီမိုကရေစီရေးလှုပ်ရှားမှုကြောင့် ပြည်ပနိုင်ငံတွေမှာ ခိုလှုံနေရင်း Travel Document ခရီးသွားလာခွင့်လက်မှတ်နဲ့ မြန်မာပြည် ပြန်တဲ့ကိစ္စကို သက်ဆိုင်ဥရောပနိုင်ငံတွေက ကန့်သတ်ထားတဲ့အပေါ် ဖြေလျှော့ပေးရေး ၈၈ မျိုးဆက်ဘက်က တောင်းဆိုဆွေးနွေးခဲ့တယ်လို့ သူက ထပ်ပြောပါတယ်။

“ဥရောပနိုင်ငံတွေမှာ ရောက်နေတဲ့ ဒီမိုကရေစီလှုပ်ရှားတဲ့ ကျနော်တို့ရဲ့ ညီအကိုတွေ၊ မောင်နှမတွေပေါ့ဗျာ-မြန်မာပြည်ဝင်ခွင့်နဲ့ ပတ်သက်ပြီးတော့ EU ရဲ့ ဒုက္ခသည်ဆိုင်ရာ မူဝါဒမှာ Travel Document လို့ခေါ်တဲ့ တခြားနိုင်ငံတွေဆီ သွားလာခွင့်လက်မှတ်ပေါ့- အဲဒီမှာ မြန်မာပြည်မှ အပ- ဆိုတာမျိုး ပါတာကိုး။ ကျနော်တို့ လုပ်ဖော်ကိုင်ဘက်တွေကလည်း နိုင်ငံခြားမှာ ၁၈ နှစ်၊ နှစ် ၂၀ လောက်ရှိနေပြီ။ ဒီကနေ့က အခြေအနေက ပြောင်းလဲနေတဲ့အခါကျတော့ သူတို့လည်း ဗမာပြည်ကို ခေတ္တလာရောက်လည်ပတ်ချင်တယ်။ နောက်ပြီးတော့ မိသားစုနဲ့ ပြန်ဆုံချင်တာတွေ ရှိတာပေါ့ဗျာ။ အဲဒါကို EU အနေနဲ့ ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ မေးခွန်းလည်း ကျနော်တို့ ထပ်ပြီး မေးရပါတယ်။ သူတို့ဘက်ကလည်း စဉ်းစားမယ်လို့ ပြောတယ်။ သို့သော်ငြားလည်း အခက်အခဲတွေ အများကြီး ရှိတယ်ပေါ့နော်။ သက်ဆိုင်ရာ နိုင်ငံတွေနဲ့လည်း ဆိုင်တယ်ပေါ့။ EU တစ်ခုတည်းနဲ့ မလုံလောက်ဘူးပေါ။ ဒါဟာ ဆက်ဆွေးနွေးရမယ့် ကိစ္စတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။”

မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့ကို ဒီမိုကရေစီနိုင်ငံတွေက ရဲတွေလိုအမူအကျင့်မျိုးဖြစ်လာအောင် လေ့ကျင်ပေးဖို့ ဥရောပသမဂ္ဂသံအမတ်ကြီးကို ၈၈ မျိုးဆက်က တိုက်တွန်းခဲ့ကြောင်း ဦးဂျင်မီက ဆိုပါတယ်။

“ကျနော်တို့ကိုယ်တိုင် EU ကို ပြန်ပြီး အကူအညီပေးရတာလည်း ရှိပါတယ်။ ဥပမာ-ဆိုလို့ရှိရင် မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ရဲတပ်ဖွဲ့က -- တစ်ခု ရိုက်နေတယ်ပေါ့ဗျာ။ ပုံတစ်ခုဖော်နေတယ်။ ရဲတပ်ဖွဲ့တွေကို လေ့ကျင့်ပေးတဲ့ဟာတွေ၊ နောက်ပြီး ရဲတပ်ဖွဲ့ကို အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ အပြန်အလှန် ထိန်းကျောင်းတဲ့စနစ်တွေပေါ့။ အဲဒါတွေကို မင်္ဂလာတောင်ညွန့်မြို့နယ်ကို အခြေပြုပြီး လုပ်ဆောင်နေတယ်။ စတင်လုပ်ဆောင်ကတည်းကိုက ကျနော်တို့ ၈၈ မျိုးဆက်တွေက အနီးကပ် စောင့်ကြည့်နေတာတွေ ရှိတယ်။ EU ကို အကူအညီပေးနေတာတွေ ရှိတယ်။

အဲဒီအပြင်ကို နေပြည်တော်မှာဆိုလို့ရှိရင်လည်း ရဲတပ်ဖွဲ့တွေရဲ့ mindset ကိုချိန်းဖို့ သင်တန်းတွေ ပေးဖို့၊ နောက်ပြီးတော့ ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ရဲတပ်ဖွဲ့အနေနဲ့ ဒီမိုကရေစီ စည်းကမ်းတွေနဲ့ ဖြေရှင်းနိုင်ဖို့တွေနဲ့ပတ်သက်ပြီး လေ့ကျင့်ပေးတဲ့ကျောင်းမျိုးတွေပေါ့နော်။ ဒါ ပြုပြင်ပြောင်းလဲနိုင်မယ့် အခွင့်အလမ်းပေါ့။ chance တစ်ခု အဲဒီအတွက်ကိုလည်း ကျနော်တို့ အာရုံစိုက်တယ်။”

တနင်္လာနေ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Roland Kobia နဲ့အတူ ဥရောပသမဂ္ဂသံရုံး နိုင်ငံရေးအကြံပေး အရာရှိ Isebell Poppelbaum ၊ သတင်းထုတ်ပြန်ရေးဌာနက Dr. Colin Steinbach နဲ့အခြားသူ ၂ ဦးပါဝင်ပြီး ၈၈ မျိုးဆက်အဖွဲ့ဘက်က ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးနဲ့ ဦးဂျင်မီတို့ တက်ရောက်ခဲ့ကြပါတယ်။
XS
SM
MD
LG