အီရတ်နိုင်ငံအတွင်းက အစ္စလာမ် အစွန်းရောက် ISIS အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကာဒ် လူမျိုးစုတွေကို လက်နက် ထောက်ပံ့ပေးလိုတဲ့ EU အဖွဲ့ဝင် တနိုင်ငံချင်းရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံ အားပေးသွားမယ်လို့ အီးယူ ဥရောပသမဂ္ဂက ပြောကြားလိုက်ပါတယ်။ ဒီအတောအတွင်း အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ ISIS အဖွဲ့ထဲဝင်ဖို့ လူတွေကို လိုက်လံစည်းရုံးတာ၊ ဘဏ္ဍာငွေ စုဆောင်းပေးတာတွေ လုပ်ဆောင်နေသူ ၆ ဦးအပေါ် ကုလသမဂ္ဂက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။
EU နိုင်ငံခြားရေးဝန်ကြီးတွေက Brussels မြို့မှာ သောကြာနေ့က အဲဒီလို သဘောတူကြောင်း ဆုံးဖြတ်ပေးလိုက်တဲ့အတွက် အီရတ် ပဋိပက္ခမှာ လက်ရှိထက်ပိုမို ပါဝင်ပတ်သက်မယ့်ဘက်ကို ဦးတည်သွားတာလည်း ဖြစ်ပါတယ်။
အီရတ်နိုင်ငံအနောက်မြောက်ပိုင်း ဒေသအတော်များများကို သိမ်းပိုက်ထားတဲ့ ISIS အစ္စလာမ် အစွန်းရောက်အဖွဲ့ဟာ ဒေသအတွက်သာမကပဲ၊ ဥရောပတိုက်နဲ့ လူ့အဖွဲ့အစည်း တခုလုံးကိုပါ ခြိမ်းခြောက်နေတဲ့ အန္တရာယ်ဖြစ်တယ်လို့ ဗြိတိသျှနိုင်ငံခြားရေး ဝန်ကြီး Philip Hammond က ပြောပါတယ်။
ပြင်သစ်နိုင်ငံက ကာဒ်လူမျိုးစုတွေကို လက်နက်တွေ ထောက်ပံ့ပေးနေပြီး ဖြစ်ပါတယ်။ ဗြိတိန်နဲ့ နယ်သာလန်နိုင်ငံ တို့ကလည်း လက်နက် ထောက်ပံ့ပေးဖို့အတွက် စဉ်းစားနေတယ်လို့ ဆိုပါတယ်။ ဂျာမနီနိုင်ငံအနေနဲ့လည်း ဥပဒေဘောင်အတွင်းကရော နိုင်ငံရေးအရရော လုပ်လို့ရသလောက် အစွမ်းကုန် လုပ်ဆောင်မယ့်အကြောင်း နိုင်ငံခြားရေးဝန်ကြီး Frank-Walter Steinmeier က ပြောပါတယ်။
ဒီအတောအတွင်း ISIS အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ တခြား ၅ ဦးတို့ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်လိုက်ကြောင်း သောကြာနေ့က တညီတညွတ်ထဲ ဆုံးဖြတ်လိုက်ပါတယ်။