မြန်မာပြည်မှာ ဒီနှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေဟာ အများက ယုံကြည်လက်ခံနိုင်ဖို့နဲ့ ပွင့်လင်းမြင်သာမှုတွေ ရှိအောင်လုပ်ဖို့ ဥရောပသမဂ္ဂ (EU) နဲ့ အရှေ့ တောင် အာရှနိုင်ငံများအသင်း (ASEAN) တို့က တိုက်တွန်းလိုက်ပါတယ်။ စပိန် နိုင်ငံမှာ မနေ့က ကျင်းပခဲ့တဲ့ အီးယူ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး မြန်မာစစ်အစိုးရကို တိုက်တွန်းခဲ့တာပါ။
ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီကျပြီး အများပါဝင်နိုင်မယ့် ရွေးကောက်ပွဲတွေ ဖြစ်သင့်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထားတဲ့ အတိုက်အခံတွေကို စောစော ပြန်လွှတ်ပေးခြင်းအားဖြင့် ရွေးကောက်ပွဲမှာ ပါဝင်သင့်တဲ့ အဖွဲ့ အစည်းတွေ စုံစုံလင်လင် ဖြစ်လိမ့်မယ်လို့လည်း အီယူနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောလိုက်ပါတယ်။
မြန်မာပြည်က ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုဖို့ ဥရောပသမဂ္ဂ ရဲ့  စုံစမ်းလေ့လာရေးအဖွဲ့တခုကို မြန်မာပြည် စေလွှတ်ရေး ကိစ္စလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ အီးယူအဖွဲ့တို့ ပြောဆိုကြဖို့ ရှိပါတယ်။ အဲဒီအဖွဲ့ မြန်မာပြည်ကို သွားဖြစ်မယ်ဆိုရင် အဖမ်းခံနေရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ချင်ကြပါတယ်။