သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အာရှ-ဥရောပထိပ်သီးညီလာခံမှာ ရိုဟင်ဂျာအရေးဆွေးနွေးမည်


ဥရောပသမဂ္ဂ (EU) နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ Federica Mogherini

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ကျင်းပနေတဲ့ ၂ ရက်ကြာ အာရှ-ဥရောပ ထိပ်သီးညီလာခံ အတွင်း လူ့ အခွင့်အရေးကိစ္စတွေကို ထည့်သွင်းဆွေးနွေးရာမှာ ရိုဟင်ဂျာမူဆလင်တွေအရေး ကို လည်း အာရုံစိုက် ဆွေးနွေးမှာဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ Federica Mogherini က ပြောဆိုလိုက်ပါတယ်။

EU က ဖြေရှင်းနိုင်အောင် အစဉ်အမြဲ ကြိုးပမ်းနေတဲ့ ရိုဟင်ဂျာ အကျပ်အတည်းကို ထည့်သွင်း ဆွေးနွေးဖို့ စဉ်းစားထားပြီး လူသားချင်း စာနာမှု ကိစ္စတွေသာမက နိုင်ငံရေးကိစ္စတွေလည်း ပါဝင် မှာဖြစ်ကြောင်း EU နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲက မနေ့တုန်းက ASEM ထိပ်သီးညီလာခံ စတင်တဲ့ မနေ့တုန်းကပဲ ပြောခဲ့ တာပါ။ ရိုဟင်ဂျာတွေ ဘေးအန္တရာယ်ကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး ကုလသမဂ္ဂကို အကူအညီ ပေးနိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်လို့ ဥရောပ ခေါင်းဆောင်တွေကြား ဆွေးနွေးမှုတွေ ရှိနေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ညီလာခံမှာတော့ မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင်လည်း တက်ရောက်နေပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်း ရောက် အုပ်စုကို မြန်မာလုံခြုံရေး တပ်ဖွဲ့တွေ ရှင်းလင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကြောင့် အိမ်နီး ချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေရပ် ပြန်နိုင်ဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ နိုင်ငံတကာက ဖိအားပေးနေ တာပါ။ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ စစ်တပ်ကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို၊ နိုင်ငံတကာက စွပ်စွဲ နေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိကြောင်းလည်း ငြင်းဆန်ထားကြပါတယ်။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့က စုံစမ်းတွေ့ရှိချက်တွေကို လုံခြုံရေး ကောင်စီမှာ ရှေ့ သီတင်းပတ်ထဲ အစီရင်ခံတင်ပြဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံဘက်က ကန့်ကွက် ထားပေမဲ့လည်း အဖွဲ့ဝင် ၁၅ ဦးပါ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၉ နိုင်ငံရဲ့ တောင်းဆိုချက်အရ ရှေ့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG