သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးချုပ် အယုံအကြည်မရှိအဆို UK လွှတ်တော်တင်သွင်း


ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ နောက်ဆုံး ရိုက်ခတ်မှုတခုအဖြစ် ဗြိတိန်ဝန်ကြီးချုပ် Theresa May ဟာ သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီကနေ အယုံအကြည်မရှိအဆို တင်သွင်းခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

ကွန်ဆာဗေးတစ်ပါတီက အများစုနဲ့ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်မှာ အယုံအကြည်မရှိအဆို အတည်ပြုခဲ့မယ် ဆိုရင်တော့ ဝန်ကြီးချုပ် ရာထူးက ဆင်းပေးရမှာပါ။ အဆိုကို အတည်မပြုနိုင်ဘူးဆိုရင်တော့ တနှစ်အတွင်း နောက်တကြိမ် အဆိုတင်ခွင့်ရှိမှာ မဟုတ်ပါဘူး။ ဝန်ကြီးချုပ်ကတော့ အတတ်နိုင်ဆုံး ခုခံချေပသွားမှာဖြစ်ကြောင်း သန္နိဓာန်ချ ပြောဆိုလိုက်သလို၊ အခုအချိန်မှာ ခေါင်းဆောင်မှု အပြောင်းအလဲ လုပ်တာဟာ ဗြိတိန်နိုင်ငံ ခွဲထွက်ရေးကို ထိခိုက်နိုင်ကြောင်းလည်း သတိပေးခဲ့တာပါ။

အတိုက်အခံ လေဘာပါတီ ဥက္ကဋ္ဌ Ian Lavery ကတော့ ဝန်ကြီးချုပ်ရဲ့ အားနည်းချက်နဲ့ မအောင်မြင်မှုတွေဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကာလမှာ အစိုးရအနေနဲ့ လုပ်ဆောင်နိုင်စွမ်းမရှိအောင် ဖြစ်ခဲ့ရကြောင်း ဝေဖန်ခဲ့ပါတယ်။ ကွန်ဆာဗေးတစ်ပါတီ တာဝန်ရှိသူ Graham Brady ကတော့ အယုံအကြည်မရှိအဆိုကို မဲခွဲဖို့ ပါတီတွင်းက လိုအပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ၁၅ ရာခိုင်နှုန်း ရရှိထားပြီးဖြစ်ကြောင်း ဒီနေ့ပဲ ပြောဆိုလိုက်တာပါ။

မဲရလဒ်ကိုတော့ အများပြည်သူသိနိုင်အောင် အမြန်ဆုံး ထုတ်ပြန်ပေးမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် လူထုဆန္ဒခံယူပွဲအရ ဗြိတိန်နိုင်ငံဟာ EU ကနေ ၂၀၁၉ မတ်လမှာ နောက်ဆုံးထား ခွဲထွက်ရမှာပါ။ ခွဲထွက်ရေးအတွက် ၂ ဘက်အကြား လပေါင်းများစွာ စေ့စပ်ညှိနှိုင်းသဘောတူခဲ့ကြပေမဲ့၊ ဗြိတိန်ပါလီမန်က အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ ဒီသီတင်းပတ် အစောပိုင်း လွှတ်တော်မှာ မဲခွဲမယ့် အစီအစဉ်ကိုတော့ အရေးနိမ့်မယ့် အလားအလာတွေ ထွက်ပေါ်လာတဲ့အတွက် ဝန်ကြီးချုပ်က ပယ်ဖျက်ခဲ့ပါတယ်။

XS
SM
MD
LG