ဥရောပသမဂ္ဂသမိုင်းမှာ ပထမဆုံးအကြိမ် အသုံးစရိတ်လျှော့ချမယ့် ရေရှည်အသုံးစရိတ်အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ဥရောပ သမဂ္ဂခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။
၂၀၁၄ ကနေ ၂၀၂၀ ခုနှစ်အတွင်း အသုံးစရိတ်ကို ၁.၃ ထရီလီယံ သတ်မှတ်ခဲ့တယ်လို့ EU တာဝန်ရှိသူတွေက ပြောပါတယ်။
ဥရောပခေါင်းဆောင်တွေဟာ ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ၂ ရက်ကြာ အပြင်းအထန် ဆွေးနွေး ခဲ့ပြီးတဲ့နောက် သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။ အီးယူ ဥရောပသမဂ္ဂရဲ့ ဥက္ကဋ္ဌ Herman Van Rompuy က သဘောတူညီမှုရလိုက်ပြီလို့ သူ့ရဲ့ တွစ်တာ စာမျက်နှာက ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီသဘောတူညီမှု ရဖို့အတွက် စောင့်ရကျိုးနပ်တယ်လို့ သူက ပြောပါတယ်။
ဥရောပတိုက်ဟာ ခက်ခဲတဲ့ စီးပွားရေးအချိန်ကာလမှာ ကျရောက်နေတယ်ဆိုတာ ဒီသဘောတူညီချက်က ထင်ဟပ်ပြသနေပါတယ်။ ဒီသဘောတူညီချက်က အခြေခံအဆောက်အအုံနဲ့ သိပ္ပံသုတေသန လုပ်ငန်းတွေ အပါအ၀င် ကဏ္ဍတွေအတော်များများကို အသုံးစရိတ်တွေ ဖြတ်တောက် ပစ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
အခုအခါမှာတော့ ဥရောပပါလီမန်က ဒီအသုံးစရိတ်အစီအစဉ်ကို အတည်ပြုပေးရမှာဖြစ်ပါတယ်။