သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အပေါ် အီးယူတုံ့ပြန်မည်


ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အပေါ် အီးယူတုံ့ပြန်မည်
ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အပေါ် အီးယူတုံ့ပြန်မည်

ဧပြီလ ၁ ရက်နေ့မှာ လုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲရဲ့ လွတ်လပ်မျှတမှုနဲ့ ရလဒ်ကို ကြည့်ကာ မြန်မာပြည်အတွက် ပြုပြင်ပြောင်းလဲမှုတွေ ပိုပြီး တိုးမြင့် လုပ်ဆောင်ပေးသွားမယ်လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကော်မရှင်နာမင်းကြီး Andris Piebalgs က ပြောသလို အစိုးရအနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲတွေကို တရားမျှတစွာ ကျင်းပနိုင်ဖို့ကိုလည်း စီစဉ်ထားတဲ့အကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွေမန်းက ပြောပါတယ်။ ဒီကနေ့ နေပြည်တော်မှာ သူတို့ နှစ်ဦးတွေ့ဆုံအပြီး သတင်းထောက်တွေကို အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မြန်မာနိုင်ငံကို ရောက်လာတဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Andris Piebalgs ဟာ နေပြည်တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ဒီကနေ့ မနက်က တွေ့ဆုံပါတယ်။ အဲဒီနောက် သတင်းထောက်တွေကို သူတို့နှစ်ဦး တွေ့ဆုံပြီး သူတို့ ဆွေးနွေးကြတဲ့ မြန်မာ့အရေး အခြေအနေတွေကို ရှင်းပြရာမှာတော့ ဧပြီလ ၁ ရက်နေ့မှာလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတဖို့အတွက် အီးယူက တိုက်တွန်းတယ်ဆိုတာ အပါအဝင် တိုင်းရင်းသား ဒေသတွင်းက ငြိမ်းချမ်းရေးတွေနဲ့ ပြောင်းလဲမှုတွေနဲ့အတူ တိုးတက်မှုရှိလာတဲ့ မြန်မာ့အရေး အခြေအနေတွေကြောင့် အီးယူက ပိတ်ဆို့မှုတွေကို လျှော့ချပေးထားတယ် ဆိုတဲ့အကြောင်းတွေကို မစ္စတာ Andris Piedalgs က ရှင်းပြခဲ့တယ်လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ပြည်တွင်း သတင်းထောက်တစ်ဦးက ပြောပါတယ်။

“ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကို စောင့်ကြည့်ချင်တယ်ပေါ့နော်။ အဲဒီလို စောင့်ကြည့်ပြီးတော့ ကောင်းတာနဲ့အမျှ မြန်မာပြည်အတွက် ကောင်းတဲ့ အပြောင်းအလဲကြီးတွေ ဖြစ်လာမယ်လို့ သူက ပြောတယ်။ နောက်ပြီးတော့ လောလောဆယ်မှာလည်း အီးယူ အဖွဲ့ဝင်နိုင်ငံတွေက ပိတ်ဆို့မှုတချို့ကို လျှော့ချဖို့အတွက် သူတို့ စီစဉ်နေပြီလို့ ပြောပါတယ်။ နောက်ပြီးတော့ ယူရိုသန်း ၁၅၀ မြန်မာနိုင်ငံအတွက် ကူညီမယ်ဆိုတာလည်း ပြောပါတယ်။ ငြိမ်းချမ်းရေးအတွက် တော်တော်များများ ရထားတာကို သူတို့ အီးယူအနေနဲ့ ဝမ်းမြောက်ဝမ်းသာ ရှိတဲ့အကြောင်း ကျန်နေတဲ့ ကချင်တို့လို ပဋိပက္ခမှုတွေကိုလည်း အကုန်လုံး ငြိမ်းချမ်းအောင် ဆက်လုပ်သွားဖို့ တိုက်တွန်းကြောင်း ပြောပါတယ်။”

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ကြားဖြတ်ရွေးကောက်ပွဲတွေမှာ တရားမျှတမှု ရှိစေဖို့အတွက် အစိုးရက စီစဉ်ထားတဲ့အကြောင်းတွေကိုလည်း ပြန်ပြီးတော့ ရှင်းပြခဲ့တယ်လို့ သတင်းထောက်က ပြောပါတယ်။

“ကျနော်တို့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ သူ ကတိပေးတာပါ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် သူ ဖြစ်အောင် လုပ်ပါ့မယ်လို့ ကတိပေးတာရယ်၊ နောက်ပြီးတော့ ဒီမိုကရေစီ နိုင်ငံတော်ကို မဖြစ်ဖြစ်အောင် သူ လုပ်သွားမယ်ဆိုတာရယ်၊ အဲဒီလိုလုပ်ဖို့အတွက် လိုအပ်တဲ့ အကူအညီတွေကို အီးယူဘက်ကလည်း ကူညီဖို့ဆိုတာရယ်၊ နောက် ဥရောပပါလီမန် အနေနဲ့ အပြန်အလှန် ကိုယ်စားလှယ်တွေ လေ့လာခွင့်၊ အပြန်အလှန် အကြံဉာဏ်တောင်းခွင့်၊ လိုအပ်တာတွေကို ကူညီခွင့် ကမ်းလှမ်းတာရယ်။ အီးယူဘက်ကလည်း အဲဒီလို ကမ်းလှမ်းပါတယ်။”

ဒါ့အပြင် ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပတ်သက်လို့ သူတို့နှစ်ဦး ရှင်းပြတာကတော့ -

“သူတို့ပြောတာက အတိုက်အခံ ပါတီတွေက တောင်းဆိုထားတဲ့ အကျဉ်းသားတချို့ ကျန်သေးတယ် ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဦးရွှေမန်းကို မေးတယ်။ ဦးရွှေမန်းကတော့ ပြောတယ်လေ။ သူတို့ NLD ပါတီက တင်ထားတဲ့ စာရင်းအတိုင်းပဲ အားလုံးကို လွှတ်ပေးထားပါပြီတဲ့။ တကယ်လို့ ကျန်နေသေးတယ်ဆိုရင် ထပ် တင်ပေါ့နော်။ ထပ်တင်ရင် သူတို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့ လွှတ်ပေးဖွယ်ရာ၊ “လွှတ်ပေးဖွယ်ရာ” လို့ သူ သုံးတယ်။ လွှတ်ပေးဖွယ်ရာ ရှိတယ်လို့ ပြောပါတယ်။”

ပြည်တွင်း သတင်းထောက်တစ်ဦး ပြောပြခဲ့တာပါ။ ဒီပွဲမှာ သူတို့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာ တွေကိုသာ ရှင်းပြတာ ဖြစ်ပြီးတော့ သတင်းထောက်တွေဘက်က မေးခွန်းတော့ မေးခွင့်မရဘူးလို့ ပြောပါတယ်။ အဲဒီနောက်ပိုင်း အီးယူအဖွဲ့ဟာ နေပြည်တော်က MICC မှာ ဆင်းရဲမွဲတေမှု လျှော့ချရေး ဆွေးနွေးပွဲတစ်ခုကို မြန်မာနိုင်ငံက စီးပွားရေးပညာရှင်တွေ ဆွေးနွေးနေပါတယ်။ မနေ့ကဆိုရင် မစ္စတာ Piedalgs ဟာ သတင်းထောက်တွေကို အီးယူ ဥရောပ သမဂ္ဂက မြန်မာနိုင်ငံအတွက် ကူညီပေးနေတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စတွေကို တိုးမြှင့်မယ့်အကြောင်းကိုလည်း အခုလို ရှင်းပြခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေး အစီအစဉ်တွေက အောင်မြင်နိုင်တယ်လို့ လူတိုင်းက ယုံကြည်ထားပါတယ်။ အကြောင်းက မြန်မာနိုင်ငံသားတွေ အနေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို လိုလားကြလို့ပဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂ အဖွဲ့အစည်း အနေနဲ့လည်း ဒီ ဖွံ့ဖြိုးရေး အစီအစဉ်တွေကို လက်ရှိစွမ်းအားနဲ့ စတင် လုပ်ဆောင်ဖို့ အဆင်သင့် ရှိကြပါတယ်။”

ဒါ့အပြင် ပညာရေး၊ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကဏ္ဍသုံးရပ်နဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့အပိုင်းကိုလည်း ရှင်းပြသွားပါတယ်။

“အခုထိ ကျနော်တို့ ဆွေးနွေးခဲ့တာ ကဏ္ဍ သုံးရပ်ရှိပါတယ်။ တစ်ခုက အသက်မွေးဝမ်းကြောင်းနဲ့ လယ်ယာ စိုက်ပျိုးရေးပါ။ အထူးသဖြင့် သိပ်ကို ဆင်းရဲကြတဲ့ ကျေးလက်ဒေသတွေ အတွက်ပါ။ ဒါ့အပြင် ပညာသင်ကြားခွင့် လက်လှမ်းမှီဖို့နဲ့ ကျန်းမာရေး ဖြစ်ပါတယ်။ အထူးသဖြင့် ငှက်ဖျား၊ အဆုပ်နာရောဂါ၊ အိပ်ချ်အိုင်ဗီ ရောဂါတွေ တိုက်ဖျက်ဖို့ ဖြစ်ပါတယ်။ ဒီအစီအစဉ်တွေကို တိုးချဲ့ပေးခြင်းအားဖြင့် လူ သန်းပေါင်းများစွာ အတွက် အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံကို ရောက်နေတဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကော်မရှင်နာမင်းကြီး Andris Piebalgs ဟာ မနေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေးနမ်ဘီယား နဲ့အတူ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ တာဝန်ရှိသူတွေအပြင် နိုင်ငံတကာ NGO တွေနဲ့လည်း တွေ့ဆုံပါတယ်။ မနက်ဖြန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ ရန်ကုန်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG