ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံအပေါ် ချမှတ်တဲ့ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ တကယ်ပဲ ထိရောက်ရဲ့လား ဆိုတာကို သုံးသပ်တဲ့ ဆွေးနွေးပွဲ တခုကို ဂျာမဏီနိုင်ငံ ဘာလင်မှာ မနေ့က ပြုလုပ်ပါတယ်။ မြန်မာ့အရေး လှုပ်ရှားသူတွေ၊ မြန်မာ့အရေး စိတ်ပါဝင်စားသူတွေနဲ့ ဥရောပ သံတမန်တွေ တက်ရောက် ဆွေးနွေးရာမှာ အမြင်ကတော့ အမျိုးမျိုး ရှိပါတယ်။ အရေးယူမှုတွေကို ဆက်ထားဖို့ လိုမယ်လို့ ယူဆသူတွေ ရှိသလို မြန်မာအစိုးရသစ်နဲ့ ထိစပ် ဆက်ဆံရေး ပိုပြီး အောင်မြင်နိုင်ဖို့ အရေးယူမှုတွေကို လျှော့ရမယ်ဆိုပြီး သုံးသပ်သူတွေလည်း ရှိပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။
ဥရောပသမဂ္ဂထဲမှာတော့ ဂျာမဏီနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ထိစပ် ဆက်ဆံရေးကို ပိုပြီးလိုလားတဲ့ နိုင်ငံလို့ အသိများပါတယ်။ အခု အစည်းအဝေးကို ဦးဆောင်ပြီးလုပ်တဲ့ Friedrich Naumann ဖောင်ဒေးရှင်းဟာ ဂျာမဏီ နိုင်ငံရေးမှာ သြဇာကြီးတဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆွေးနွေးပွဲဟာ ဂျာမန်အစိုးရရဲ့ မြန်မာအပေါ်ထားတဲ့ နိုင်ငံခြားရေး မူဝါဒမှာ အတော်လေး ရိုက်ခတ်မှု ရှိမယ်လို့ တက်ရောက်လာသူတွေက ယူဆပါတယ်။ တက်ရောက်ဆွေးနွေးတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေထဲမှာ ပြည်တွင်းကရော ပြည်ပကပါ ပါဝင်ပြီး မတူညီတဲ့ ရှုထောင့် သုံးသပ်မှုတွေ တွေ့ရပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေး ကိုယ်စားလှယ် ကိုညိုအုန်းမြင့်ကတော့ မြန်မာနိုင်ငံအပေါ် ထိတွေ့ဆက်ဆံမှု လိုအပ်သလို အရေးယူ ပိတ်ဆို့တာတွေလည်း ဆက်ထားသင့်တယ်လို့ အမြင်ရှိသူပါ။
“အဓိက အစည်းအဝေးရဲ့ ပုံသဏ္ဌာန်က ဂျာမန်အစိုးရက မြန်မာပြည်မှာ ဆက်ဆံရေး ပိုပြီး တိုးမြှင့်လုပ်ချင်တယ်လို့ ကျနော် ထင်တယ်။ ဒါပေမဲ့လည်း ပြဿနာက မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ကျန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကြန့်ကြာမှု အပေါ်မှာလည်း သူတို့ နားလည်ပါတယ်။”
ဂျာမဏီနိုင်ငံရဲ့ အယူအဆကတော့ မြန်မာနဲ့ ပိုပြီး Engage လုပ်ချင်တာပေါ့။ ဒါပေမဲ့ EU အပေါ်မှာရော ဂျာမဏီရဲ့ အခု သဘောထားက ဘယ်လောက်အထိ လွှမ်းမိုးနိုင်လဲခင်ဗျ။
“ဂျာမန်အစိုးရ အနေနဲ့ ကျနော် ကြည့်ရမယ်ဆိုရင် သူတို့က မြန်မာပြည်ရဲ့ အဓိက လိုအပ်နေတဲ့ ဆင်းရဲနွမ်းပါးမှု ပြဿနာတွေ၊ နောက်တခါ စီးပွားရေး ချွတ်ခြုံကျမှု ပြဿနာတွေကို သူတို့တိုင်းပြည် အနေနဲ့ EU ကို နည်းနည်း ဦးဆောင်ချင်တယ်လို့ ထင်ရတယ်။ နောက်တခုကလည်း ကျနော်တို့ နိုင်ငံခြားရေးဌာနနဲ့ ပြောတာရော ကျန်တဲ့ Panel မှာ ပြောကြတာပါဆိုရင် တရုတ်အစိုးရက နေပြီးတော့ မြန်မာပြည်မှာ ပြိုင်ဘက်မရှိ လွှမ်းမိုးနေမှု အပေါ်မှာလည်း EU ရဲ့ စိုးရိမ်မှု ရှိတယ်ဆိုတာကို ကျနော်တို့ မြင်ရပါတယ်။”
အရေးယူမှုတွေ ရုပ်သိမ်းသင့်၊ မသင့် ဆွေးနွေးကြရာမှာတော့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေကို ထင်ဟပ်ပြီး ဆွေးနွေးကြတာပါ။ တက်ရောက်သူ အချို့ကတော့ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ မမြင်ရသေးဘူးလို့ ဆိုပါတယ်။ တက်ရောက်ဆွေးနွေးသူ တဦးဖြစ်တဲ့ ရန်ကုန်မြို့က Myanmar E.Grass အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နေဝင်းမောင်ကတော့ အုပ်ချုပ်မှုစနစ် ပြောင်းလဲမှု မြင်နေရပြီမို့ သိသာထင်ရှားတဲ့ လက်တွေ့ အပြောင်းအလဲတွေ ပေါ်လာမလား စောင့်ကြည့်ရမယ်၊ အလားတူ နိုင်ငံတကာကလည်း ဒါကို စောင့်ကြည့်နေတယ်လို့ သုံးသပ်ပါတယ်။
“နံပါတ်တစ်ကတော့ Leadership ပြောင်းသွားပြီပေါ့၊ လူတယောက်တည်းမှာ အရင်တုန်းက အာဏာအားလုံး ရှိတယ်။ အခုတော့ Leadership ပြောင်းသွားတော့ အနည်းဆုံးတော့ Collective Leadership ပုံစံ ဖြစ်သွားတယ်။ နံပါတ်နှစ်ကတော့ ပါဝါ စင်တာတွေ ပေါ်လာတော့ ဒီ စင်တာလိုက်ဇေးရှင်းပေါ့၊ ဘယ်အဖွဲ့အစည်းက အာဏာအရှိဆုံးလဲ ဆိုတာ သူ့သဘောသဘာဝအရ သူ့ပါဝါအရ သူ ဥပဒေပြုသူက Institution အသစ်တွေနဲ့ ဒီ စင်တာလိုက်ဇေးရှင်း ဖြစ်သွားတယ်။ နံပါတ်သုံးကတော့ တပ်မတော်နဲ့ အရပ်ဘက် အုပ်ချုပ်ရေး ယန္တရားကို ခွဲလိုက်တယ်။ ဒီသုံးခုပေါ့။”
အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ နေရာမှာလည်း အဓိကဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD တို့ပါ ပါဝင်လာနိုင်တဲ့ ပြန်လည်သင့်မြတ်ရေး အခြေအနေကရော ကိုနေဝင်းမောင်အမြင် သိချင်ပါတယ်။
“အဓိကတော့ သမ္မတ ဦးသိန်းစိန် ပြောထားတဲ့ မိန့်ခွန်းမှာရှိတဲ့ ကတိကဝတ်တွေကို သူ အကောင်အထည် ဖော်နိုင်တယ်ဆိုရင် သူ့အလိုလို ဖြစ်သင့်တဲ့ဟာတွေ ဖြစ်သွားမှာပါ။”
EU ဥရောပသမဂ္ဂ၊ အထူးသဖြင့် ဂျာမဏီတို့ ဘာတို့ဆိုရင် မြန်မာနိုင်ငံနဲ့ တော်တော်လေး ထဲထဲဝင်ဝင် ဆက်ဆံချင်တဲ့ အနေအထားမျိုးတွေ တွေ့ရတဲ့ အခါကြတော့ သဘောထား ပြောင်းလာမယ့် အနေအထား ရှိလား။ ကိုနေဝင်းမောင်လည်း အဲဒီမှာ ရောက်နေတော့ သူတို့ရဲ့ အနေအထား ဘယ်လို တီးခေါက်မိလဲ။
“ကျနော်တို့ မြန်မာပြည်ဘက်က နည်းနည်း ရှင်းရှင်းလင်းလင်း မြင်ရဖို့ ပြဖို့ လိုတာလေးတွေ ရှိတာပေါ့ဗျာ။ General Amnesty လိုဟာမျိုးကတော့ Standard Operation Procedure ပဲဗျာ။ အမှန်အတိုင်း ပြောရရင်တော့ Opposition ပါလီမန်ထဲမှာ ရှိတယ်ဆိုတဲ့ နိုင်ငံရေးစနစ် တခုက မြန်မာပြည်မှာ မရှိတာ နှစ်ပေါင်း ၅၀ ရှိပြီ။ အဲဒါကြီးက တကယ်ဖြစ်တယ်ဆိုရင် ဒါက ဒီနိုင်ငံမှာ နိုင်ငံရေးကို တရားဝင် ပေးလုပ်တာ ဖြစ်တဲ့အတွက် နိုင်ငံရေး အင်အားစုတွေ အားလုံးကိုလည်း ဒီ Game ကစားမလား၊ ကစားရင် ကျနော်က လွှတ်ပေးပါမယ် ဆိုတဲ့ဟာမျိုးတွေ မြင်ရမှာပေါ့။
“အဲဒီလို မြင်မှလည်း ဒီမှာက အာဏာအတွက် ဘယ်သူ့မှာမှ ရှိတာမဟုတ်ဘူး။ နိုင်ငံပေါင်း ၂၇ နိုင်ငံလည်း ပါတယ်ဆိုတော့ ဟိုမှာ ဟိုလိုမြင်ရတယ်၊ ငါတို့ဘက်ကလည်း ဒီလို အပြုသဘော တုံ့ပြန်မယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်လာမှာပေါ့။”
ဂျာမဏီ ဘာလင်က မြန်မာ့အရေး ဆွေးနွေးပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗွီဒီယိုမိန့်ခွန်း ပေးပို့ခဲ့ပါတယ်။ သဘောကွဲလွဲမှုတွေ ရှိနိုင်ပေမဲ့ မြန်မာနိုင်ငံ အရေးကို နိုင်ငံတကာက ဝိုင်းဝန်းထောက်ခံ ကူညီကြဖို့ မေတ္တာရပ်ခံ ထားပါတယ်။
ဥရောပသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အရေးယူ ပိတ်ဆို့မှုကို တနှစ်သက်တမ်း ထပ်တိုးဖို့ ကိစ္စမှာ ဗြိတိသျှနိုင်ငံက ဦးစီးဦးဆောင်လုပ်လို့ သက်တမ်းတိုးရေး ဆုံးဖြတ်ချက် ဖြစ်ခဲ့ပေမဲ့ ဂျာမဏီလို နိုင်ငံအချို့ကတော့ သူတို့ရဲ့ မြန်မာနိုင်ငံ မူဝါဒကို အပြောင်းအလဲ လုပ်ချင်နေကြပြီလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။