သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီးခန့်အပ်


အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ် Roland Kobia (ဓာတ်ပုံ - European Union - EEAS)
အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ် Roland Kobia (ဓာတ်ပုံ - European Union - EEAS)
အီးယူဥရောပသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် ဘယ်လ်ဂျီယံနိုင်ငံသား ရိုလန်ကိုဘီယာ (Roland Kobia) ကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။ မစ္စတာ ကိုဘီယာကို အီးယူရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးသံအမတ်ကြီးအဖြစ်နဲ့ ခန့်အပ်လိုက်တဲ့အတွက် နှစ်ဘက်အကြား ဆက်ဆံရေးတွေ ပိုပြီးတော့ တိုးမြင့်လာတော့မယ့် လက္ခဏာအဖြစ် အကဲခတ်တွေက မြင်ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အကြီးအကဲလည်းဖြစ်၊ ဥရောပကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌ Catherine Ashton က လက်ရှိ အဇာဘိုင်ဂျန် (Azerbaijan) နိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Roland Kobia ကို အီးယူရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်လိုက်ကြောင်း မေလ ၃၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မစ္စတာ ကိုဘီယာ ဟာ ကင်ညာမှာရော၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာပါ ဥရောပကောင်စီရဲ့ ကိုယ်စားလှယ်အဖြစ်လည်း အရင်က တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် အရပ်သား အစိုးရတက်လာခဲ့တဲ့နောက် ပိုင်း ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်မယ်လို့ မြန်မာအစိုးရက ကတိပေးပြီး ပိုမိုပွင့်လင်းတဲ့ လူမှုအသိုင်းအဝိုင်းဖြစ်လာအောင် သိသိသာသာ လုပ်ဆောင်လာတာကို တုံ့ပြန်တဲ့အနေနဲ့ ဥရောပသမဂ္ဂက ဒီနှစ် ဇန်နဝါရီလထဲမှာပဲ ရန်ကုန်မှာ အီးယူ ရုံးဖွင့်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းနဲ့ ဒီရုံးအတွက် တာဝန်ခံဆောင်ရွက်မယ့် Roland Kobia ဟာလည်း အီးယူရဲ့ ကျွမ်းကျင်ဝန်ထမ်းတဦး ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ရိုလန်ကိုဘီယာဟာ ဥပဒေပညာရှင်တဦးဖြစ်ပြီး အတွေ့အကြုံရင့်ကျက်သူ တဦးဖြစ်တာမို့ သူ့ကိုခန့်အပ်ဖို့ ရွေးချယ်တာအတွက် ကျေနပ်တယ်လို့ ဥရောပကမှာ နှစ်ပေါင်းများစွာ မြန်မာအရေးဆောင်ရွက်နေတဲ့ ဦးနွယ်အောင် က ပြောပါတယ်။

“ရိုလန်ကိုဘီယာ ဟာ ဘယ်လ်ဂျီယန်လူမျိုးဖြစ်ပြီးတော့ ပညာတတ် တယောက်ဖြစ်တယ်။ သူက Law မှာ PhD ရခဲ့တယ်။ ဥရောပနိုင်ငံရေးမှာ နှစ်ပေါင်း ၂၀ ကျော်လောက်ကို ရှိတယ်။ သူက နျူကလီးယားဥပဒေ တို့ ဘာတို့ စသည်ဖြင့်မှာလည်း သူက Master ဘွဲ့တွေကို ရခဲ့တဲ့လူမျိုး ဖြစ်တယ်။ နောက် ဘာသာစကား လေးငါးမျိုး တတ်တယ်။ အဲဒီတော့ တကယ့်ကို ပညာလည်း တတ်တယ်။ နိုင်ငံရေးသမား လည်း ပီသတယ်။ အဲဒီလို လူတော်လူကောင်း၊ မြန်မာနိုင်ငံအတွက် သံအမတ်ခန့်မယ်ဆိုတာကတော့ အင်မတန်ကို သင့်တော်တဲ့တယောက်လို့ ကျနော် မြင်တယ်။”

ဥရောပသမဂ္ဂက ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် Piero Fassino ကို ခန့်အပ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေး ပြုပြင်ပြောင်းလဲလာအောင် တာဝန်ယူ ဆောင်ရွက်စေခဲ့သလို အီးယူရဲ့ ထိုင်းနိုင်ငံဆိုင်ရာသံအမတ်ကြီး David Lipman ကို မြန်မာနိုင်ငံအရေး ပူးတွဲတာဝန်ထမ်းဆောင်စေခဲ့ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မှာ သြစတြီးယားနိုင်ငံသား အန်ဒရီးယပ်စ် လစ် (Andreas List) က တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အီးယူဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ စီးပွားရေးကိုပဲ သိပ်ဇောင်းပေးလွန်းနေပြီး လက်နက်ကလွဲလို့ ကျန် အရေးယူတားမြစ်မှုတွေ ဖယ်ရှားပေးတာဟာ အချိန်စောလွန်းသလို၊ မြန်မာအစိုးရကို လိုက်လျောတာ များနေတယ်လို့ ဥရောပက မြန်မာ့အရေး ဆောင်ရွက် နေသူတွေက သတ်မှတ်ထားတာကြောင့် ဒီလိုလုပ်ဆောင်မှုတွေကို တာဝန်ယူဆောင်ရွက်နေ တဲ့ လက်ရှိတာဝန်ခံအစား ဥပဒေပညာရှင် တဦးကို ခန့်အပ်လိုက်တာဟာ အခြေအနေကို တမျိုးပြောင်းလာနိုင်မယ်လို့ မျှော်လင့်ထားကြောင်း လည်း ပြောပါတယ်။

“မြန်မာပြည်အတွက် အီးယူဟာ ဘယ်လောက် လုပ်ပေးနိုင်မလဲဆိုတာကို ကျနော်တို့က သိပ် မျှော်လင့်ချက်မထားဘူး။ မြန်မာနိုင်ငံ ဖြစ်ပျက်နေ တဲ့ ပြဿနာတွေကို ပြောတာဆိုတာ နည်းတယ် သိပ်ပြီးတော့ လောကြီးပြီးတော့ စီးပွားရေးဘက်ကိုဝင်ဖို့ပဲ ကြိုးစားနေတာဖြစ်တယ်။ အဲဒီမှာ သြစတြီးယားနိုင်ငံက Andreas List ဆိုတဲ့ပုဂ္ဂိုလ်ကို တော်တော်လေး အားကိုးပြီးလုပ်နေတာ ရှိတာကိုး။ Andreas List ကိုပဲ သံအမတ်တွေ ဘာတွေခန့်မလား ဆိုပြီး တော်တော်လေး စိုးရိမ်နေတာ။ ဒီအချိန်မှာ ရိုလန်ကိုဘီယာကို ခန့်လိုက်တယ်ဆိုတော့ ကျနော်တို့ တော်တော်လေး စိတ်သက်သာရာ ရသွားတယ်။”

မြန်မာနိုင်ငံဆိုင်ရာသံအမတ် အဖြစ်ခန့်အပ်ဖို့ အီးယူက ရွေးချယ်လိုက်တဲ့ ရိုလန် ကိုဘီယာကို မြန်မာအစိုးရ လက်ခံပြီဆိုရင် သူဟာ ပထမဆုံး အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်လာတော့မှာပါ။
XS
SM
MD
LG