သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ဥပဒေ ရုပ်သိမ်းပေးဖို့ ဥရောပ ပါလီမန် တောင်းဆို


ရွေးကောက်ပွဲ ဥပဒေ ရုပ်သိမ်းပေးဖို့ ဥရောပ ပါလီမန် တောင်းဆို
ရွေးကောက်ပွဲ ဥပဒေ ရုပ်သိမ်းပေးဖို့ ဥရောပ ပါလီမန် တောင်းဆို

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ မတိုင်မီကာလ နိုင်ငံရေး ပတ်ဝန်းကျင် အနေအထားနဲ့ ပတ်သက်ပြီး ကျေနပ်ဖွယ် မရှိကြောင်း ဥရောပ ပါလီမန်က မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေအရဆိုရင်လည်း လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်မှာ မဟုတ်တာကြောင့် ဒီဥပဒေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။ ဥရောပပါလီမန်ရဲ့ သဘောထားဟာ ဥရောပသမဂ္ဂတခုလုံးရဲ့ သဘောထားကို ဘယ်လောက်အထိ ထင်ဟပ်တယ်လို့ပြောလို့ရသလဲဆိုတာ နော်ရှိုးက တင်ဆက်ထားပါတယ်။

ပြင်သစ်နိုင်ငံ Strasbough မြို့မှာကျင်းပခဲ့တဲ့ ဥရောပပါလီမန်အမတ်များ လစဉ်အစည်းအဝေးကနေ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာမှာ ဒီမိုကရေစီနဲ့ လုံးဝ မကိုက်ညီတဲ့ အခြေအနေတွေနဲ့ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေတဲ့အပေါ် ရှုတ်ချကြောင်း အတိအလင်း ရေးသားထားပါတယ်။ စစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေအရဆိုရင် လွတ်လပ်ပြီး၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်တာကြောင့် ဒီဥပဒေကို ရုတ်သိမ်းပေးဖို့ကိုလည်း ဥရောပလွှတ်တော်အမတ်တွေက တိုက်တွန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တခြားနိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။ ရွေးကောက်ပွဲမတိုင်မီ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းပိုင်ခွင့်၊ ထုတ်ဖော်ပြောကြားပြီး လှုပ်ရှားပိုင်ခွင့် ပေးဖို့တို့ကိုလည်း တိုက်တွန်းထားပါတယ်။ အခုလို ဥရောပပါလီမန်ရဲ့ ထုတ်ပြန်ချက်ဟာ EU တခုလုံးရဲ့ ဘုံရပ်တည်ချက်ကို ဘယ်လောက်အထိ ထင်ဟပ်စေတယ်လို့ပြောလို့ရပါမလဲ။ ဒီဥရောပပါလီမန် အစည်းအဝေးကို တက်ရောက်ပြီး မြန်မာ့အရေးကို ကိုယ်တိုင်ပါဝင် ဆွေးနွေးခဲ့တဲ့ ဗြိတိန်အစိုးရ ဦးဆောင် ကွန်ဆာဗေးတစ်ပါတီ လွတ်တော်အမတ် ဒေါက်တာ Charles Tannock ကို မေးကြည့်ပါတယ်။

အရှင်းဆုံး ဖြေရရင်တော့ ဥရောပပါလီမန်ရဲ့ ကြေညာချက်ဟာ အီးယူ ဥရောပသမဂ္ဂရဲ့ ဘုံရပ်တည်ချက်ပဲလို့ပြောလို့မရပါဘူး။ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူနဲ့ ပတ်သက်ရင် ကျနော်တို့ ဥရောပပါလီမန်က အကြံပေး ဆွေးနွေးတိုင်ပင်တဲ့ အခန်းကဏ္ဍကနေပဲ ပါဝင်တာဖြစ်ပါတယ်။ ဥရောပသမဂ္ဂ ဘုံရပ်တည်ချက်တရပ်ဖြစ်လာဖို့ အီးယူနိုင်ငံအားလုံး ထောက်ခံမှု လိုအပ်ပါတယ်။

ဆက်လက်ပြီး ဒေါက်တာ Charles Tannock က အခုလက်ရှိ အနေအထားနဲ့ဆိုရင် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဥရောပပါလီမန် အနေနဲ့ လက်ခံနိုင်ဖွယ်မရှိဘူးလို့လည်း ပြောဆိုပါတယ်။

ကျနော်တို့အနေနဲ့ ဒီရွေးကောက်ပွဲကို အလေးအနက် မထားပါဘူး။ စစ်အစိုးရက ဟန်ပြသက်သက်နဲ့ သူတို့အာဏာ တည်မြဲရေးအတွက် အချိန်ဆွဲ နေတာလို့ပဲ ကျနော်တို့ ဥရောပပါလီမန်အမတ်အားလုံးက မြင်ကြပါတယ်။

ဥရောပပါလီမန်ဆိုတာ အီးယူ ဥရောပသမဂ္ဂနိုင်ငံပေါင်း (၂၇) နိုင်ငံက ပြည်သူတွေ တိုက်ရိုက်ရွေးချယ် တင်မြောက်ထားတဲ့ ပါလီမန်အမတ်ပေါင်း (၇၃၆) ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အီးယူ ဥပဒေပြုလွှွတ်တော် ဖြစ်ပါတယ်။ နောက် ဥရောပပါလီမန်ဟာ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူကို ချမှတ်တဲ့အလုပ်ကို မလုပ်ပေမယ့် သူတို့ရဲ့အကြံပြုချက် သဘောထားတွေကို နိုင်ငံခြားရေးမူ ချမှတ်တဲ့ ဥရောပသမဂ္ဂကောင်စီက အလေးအနက်ထားတယ်လို့ ဒေါက်တာ Tannock က ပြောပါတယ်။

ကျနော်တို့ရဲ့ ကြေညာချက်တွေကို ဥရောပသမဂ္ဂကောင်စီက အရေးတယူနဲ့ ဖတ်တယ်ဆိုတာကိုတော့ တပ်အပ်ပြောနိုင်ပါတယ်။ ကျနော်တို့ရဲ့ အကြံပြုတိုက်တွန်းချက်တွေကို သူတို့ အတတ်နိုင်ဆုံး စဉ်းစားပြီး အားလုံးမဟုတ်တောင် အနည်းဆုံး တဝက်လောက်ကို လိုက်လျောလေ့ရှိပါတယ်။ နောက်ပြီး ကျနော်တို့ဟာ ဥရောပ ပြည်သူသန်း (၅ဝဝ) ကျော်က တိုက်ရိုက် ရွေးကောက်တင်မြောက်ထားတဲ့ ပါလီမန်ဖြစ်တာကြောင့် ကျနော်တို့ရဲ့ သဘောထားဟာ အီးယူ ခေါင်းဆောင်တွေအပေါ်မှာ အများကြီး ဩဇာရှိပါတယ်။

ဥရောပ ပါလီမန်ဟာ ပြီးခဲ့တဲ့ (၁) နှစ်အတွင်းမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အခု နောက်ဆုံးတခု အပါအဝင် ကြေညာချက် (၃) ခုထုတ်ပြန်ခဲ့တာပါ။ အရင် ကြေညာချက်တွေထဲမှာဆိုရင် မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် လူနည်းစု တိုင်းရင်းသား ဒေသတွေက ညှင်းပန်နှိပ်စက်မှုတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်သလားဆိုတာကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂကို တိုက်တွန်းခဲ့တယ်လို့လည်း ဒေါက်တာ Tannock က ပြောပါတယ်။

အီးယူ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာ့အရေးအတွက် လုပ်သင့်သလောက် မလုပ်ဘူးဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။ နိုင်ငံတကာအနေနဲ့ အထူးသဖြင့် ကုလသမဂ္ဂအဆင့်ကနေပြီး မြန်မာစစ်အစိုးရက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်သလားဆိုတာကို စုံစမ်းစစ်ဆေးမှုလုပ်ဖို့ အရေးတကြီး လိုအပ်ပါတယ်။

အီးယူတခုလုံးအနေနဲ့မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာရေးအတွက် လက်တွေ့မှာ ဘယ်လို ဖိအားတွေ ဆက်ပေးလို့ ရသေးလဲဆိုတဲ့ မေးခွန်းကိုတော့ ဒေါက်တာ Tannock က အခုလို ဖြေကြားခဲ့ပါတယ်။

အီးယူအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လက်တွေ့ကျကျ ဘယ်လို့ဆက်ပြီး တိုက်ရိုက်ဖိအား ပေးနိုင်သလဲဆိုရင်တော့ သိပ်လုပ်ဖို့ မကျန်တော့ပါဘူး။ အီးယူနဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်မှုကလည်း များများစားစား မရှိဘူးလေ။ အခုလောလောဆယ် အီးယူအနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းဝယ်မှုကို ပိတ်ပင်ထားပြီး ဖြစ်တယ်။ နှစ်ဘက်ကြား ကုန်သွယ်မှုတွေ ရှိနေတယ်ဆိုရင် ဒါတွေကို ဖြတ်တောက်လိုက်လို့ရတယ်။ အခုက သိပ်မှမရှိတာ။ ကျနော်တို့က ဒီလိုကြေညာချက်တွေ ထုတ်ပြန်ခြင်းအားဖြင့် ပိုမို အကျိုးသက်ရောက် စေနိုင်တာတခုက အာရှဒေသအတွင်း အင်းအားကြီးနိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယနဲ့ ရုရှားတို့အနေနဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ သူတို့ရဲ့ဩဇာ အရှိန်အဝါကို သုံးဖို့ တိုက်တွန်းတာ ဖြစ်ပါတယ်။

ဗြိတိန် ပါလီမန်အမတ် ဒေါက်တာ Charles Tannock ပြောသွားတာပါ။ အခုနောက်ဆုံး ဥရောပါလီမန်က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ မြန်မာစစ်အစိုးရကို ပိတ်ဆို့ဒဏ်ခတ်ထားတာ သက်တမ်းတနှစ်တိုးဖို့ ဥရောပသမဂ္ဂကောင်စီက ဆုံးဖြတ်ခဲ့တာကို ကြိုဆိုထားပါတယ်။ ဒါပေမယ့် ဥရောပ ကော်မရှင်က ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်တွေအတွက် အကူအညီပေးတာကို လျှော့ချလိုက်တဲ့ အပေါ်မှာတော့ ဥရောပပါလီမန်က ရှုတ်ချထားပါတယ်။

XS
SM
MD
LG