သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို EU က ကုန်သွယ်ရေး အထူးခံစားခွင့် ပေးတော့မည်


မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ ဥရောပကော်မရှင်ဥက္ကဌ Jose Manuel Barroso တို့ ဥရောပမကော်မရှင်ဌာနချုပ်မှာ တွေ့ဆုံစဉ် (၅ မတ် ၂၀၁၃)
မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ ဥရောပကော်မရှင်ဥက္ကဌ Jose Manuel Barroso တို့ ဥရောပမကော်မရှင်ဌာနချုပ်မှာ တွေ့ဆုံစဉ် (၅ မတ် ၂၀၁၃)
မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေး အထူး ခံစားခွင့်တွေကို မကြာခင်မှာ စတင် ခွင့်ပြုဖို့ ပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို တုံ့ပြန်တဲ့ အနေနဲ့ရော၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်တဲ့ အနေနဲ့ရော အထူး အခွင့်အရေးတွေ ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း EU က ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ EU တို့ရဲ့ ဆက်ဆံရေး နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်နှစ်တွေအတွင်း တွေ့မြင်လာရတဲ့ အပြောင်းအလဲတွေကို အားပေးတဲ့အနေနဲ့ ဥရောပသမဂ္ဂ (EU) တာဝန်ရှိသူတွေက ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ တိုင်းပြည်တွေကို ပေးအပ်နေတဲ့ ကုန်သွယ်ရေး အထူး ခံစားခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်အရ EU ရဲ့ ကုန်သွယ်ရေး အထူး ခံစားခွင့်ရ တိုင်းပြည်တခုအဖြစ်နဲ့ မြန်မာနိုင်ငံကို ဒီလ ၂၀ ရက်နေ့မှာ တရားဝင် စာရင်းသွင်း သတ်မှတ်ဖို့ စီစဉ်ထားတဲ့အကြောင်း ဥရောပ ကော်မရှင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန် ကလန်စီ (John Clancy) ကပြောပါတယ်။

“အဖွဲ့ဝင်တွေ တွေ့ဆုံပြီး ဒီကိစ္စကို သဘောတူထားကြတာပါ။ ဒါကြောင့်လည်း ရှေ့လာမယ့် ၁၀ ရက်လောက်အတွင်း အသက်ဝင်လာတော့မှာပါ။ ဒီနောက်မှာတော့ လက်တွေ့ လုပ်ဆောင်မှုတွေနဲ့အတူ မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်ရေး အထူး ခံစားခွင့် အစီအစဉ်မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ချမှတ်ခဲ့တဲ့ EU က ကုန်သွယ်ရေးဆိုင်ရာ အထူးခံစားခွင့်တွေကိုလည်း ၂၀၀၃ ခုနှစ်ကတည်းက ရုပ်သိမ်းထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ မကြာသေးခင်နှစ်တွေအတွင်း အစိုးရ အပြောင်းအလဲတွေနဲ့အတူ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အားပေးဖို့ ရည်ရွယ်တဲ့အနေနဲ့ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပြီး အဆက်အဆံတွေ တိုးမြှင့်လာနေတဲ့ မူဝါဒရဲ့ တစိတ်တပိုင်းအဖြစ် ကုန်သွယ်ရေးအရ အထူးခံစားခွင့်တွေ ပြန်လည်ပေးအပ်ဖို့ EU က ဆုံးဖြတ်ခဲ့တာပါ။

“နိုင်ငံရေး၊ လူမှုရေးအရ အရေးကြီးတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ မြန်မာနိုင်ငံက အရှိန်မြှင့် ဆောင်ရွက်လာချိန်ကစလို့ နိုင်ငံရေး အပြောင်းအလဲတွေနဲ့ ပွင့်လင်းမြင်သာမှုတွေ၊ ဒီမိုကရေစီရေးနဲ့ လွတ်လပ်ခွင့်တွေကို ဦးတည်လာတဲ့အတွက် ဥရောပ သမဂ္ဂ အနေနဲ့ သူ့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲလာရတာပါ။ ဒါကြောင့်လည်း အခုနောက်ဆုံး ကုန်သွယ်ရေး အထူး ခံစားခွင့် အစီအစဉ်ကို ပြန်ပြီး ပေးအပ်ရတာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်ရေး အထူးခံစားခွင့် ရလာတဲ့အခါ အဖွဲ့ဝင် ၂၇ နိုင်ငံရှိတဲ့ EU ရဲ့ လူဦးရေ သန်း ၅၀၀ ရှိတဲ့ ဈေးကွက်ကို စစ်လက်နက် ပစ္စည်းတွေက လွဲလို့ ကုန်ပစ္စည်းတွေ အားလုံးကို လွတ်လွတ်လပ်လပ် တင်ပို့ရောင်းချခွင့် ရလာတော့မှာပါ။ ဒီအစီအစဉ်အရ EU နိုင်ငံတွေကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေအတွက် အခွန်အတုပ် ပေးဆောင်စရာလိုမှာ မဟုတ်သလို၊ ခွဲတမ်းစနစ်နဲ့ ကန့်သတ်ချက်တွေလည်း ရှိမှာမဟုတ်တာကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် အထောက်အကူ ဖြစ်စေမယ်လို့ ဥရောပ ခေါင်းဆောင်တွေက ယုံကြည်ထားကြတဲ့အကြောင်း ဥရောပကော်မရှင်ရုံး ပြောခွင့်ရသူ ဂျွန် ကလန်စီ ကပြောပါတယ်။

“မြန်မာနိုင်ငံလို စီးပွားရေး ဖွံ့ဖြိုးစ တိုင်းပြည်တွေအတွက် အထောက်အကူပေးရာမှာ ဒီအစီအစဉ်က အင်မတန်မှ အရေးကြီးပါတယ်။ ဒီလိုပဲ EU ဈေးကွက်ကနေ သေချာပေါက် အကျိုးအမြတ် ခံစားရမယ့် အကောင်းဆုံး အခွင့်အလမ်း တစ်ခုလည်း ဖြစ်ပါတယ်။”

တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရကတော့ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာတုန်းက ဒေါ်လာသန်းပေါင်း ၂၂၀ ကျော် တန်ဘိုးရှိတဲ့ မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန် ၃ ရာခိုင်နှုန်းလောက်ဟာ EU နိုင်ငံတွေကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ EU လိုပဲ မြန်မာနိုင်ငံအပေါ်မှာ တချိန်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စုကလည်း အလားတူ အခွန်လွတ် ကုန်ပစ္စည်းတွေ တင်ပို့ခွင့်ပေးမယ့် Generalized System of Preference (GSP) လို့ခေါ်တဲ့ ကုန်သွယ်ရေး အထူး ခံစားခွင့်ပေးရေး စဉ်းစားနေတာပါ။

ဒီလိုသာ အနောက်နိုင်ငံတွေနဲ့ ကုန်သွယ်ရေးမှာ အထူးအခွင့်အရေးတွေ ရလာမယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်းတွေ အားကောင်းလာနိုင်ပြီး၊ အထူးသဖြင့် တချိန်က မြန်မာနိုင်ငံရဲ့ အဓိကပြည်ပပို့ကုန် လုပ်ငန်းတခုဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းတွေ ပြန်လည် ဦးမော့လာမယ်လို့လည်း စီးပွားရေး အသိုင်းအဝိုင်းက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ အဆက်အဆံတွေ တိုးမြှင့်လာနေတဲ့ EU က ကုန်သွယ်ရေးမှာသာမက သံတမန်ရေးအရလည်း ထိတွေ့ ဆက်ဆံမှုတွေကို တိုးမြှင့်နေတာပါ။ ပြီးခဲ့တဲ့နှစ် ဧပြီလကစလို့ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားခဲ့တဲ့ EU က ဘယ်လ်ဂျီယံနိုင်ငံသား ဝါရင့်သံတမန်တဦးဖြစ်တဲ့ Roland Kobia ကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ် လိုက်တဲ့အကြောင်းကိုလည်း ပြီးခဲ့တဲ့လနှောင်းပိုင်းကပဲ ကြေညာထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG