သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေး ကြားဖြတ် ရွေးကောက်ပွဲပေါ် မူတည်


EU ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေး ကြားဖြတ် ရွေးကောက်ပွဲပေါ် မူတည်
EU ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေး ကြားဖြတ် ရွေးကောက်ပွဲပေါ် မူတည်

EU ဥရောပသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို ရုပ်သိမ်းဖို့ကိစ္စကို ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲ ပြီးတဲ့အထိ စောင့်သင့်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၁ ဦးပါ အာဆီယံ နိုင်ငံများနဲ့ ဆက်ဆံရေး ဥရောပပါလီမန်ရဲ့ ကိုယ်စားလှယ်အဖွဲ့တို့ နေအိမ်မှာ တွေ့ဆုံခဲ့ကြပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့တာပါ။ ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ် စည်းရုံးမှုကာလတွေမှာလည်း ဒီမိုကရေစီမူဝါဒတွေနဲ့ မကိုက်ညီတာတွေ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီညနေ ၄ နာရီလောက်ကပဲ အာဆီယံနိုင်ငံများနဲ့ ဆက်ဆံရေး ဥရောပ ပါလီမန်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျာမန် ခရစ်ယာန် ဒီမိုကရက်တစ်ပါတီရဲ့ ဥရောပပါလီမန်အမတ် ဒေါက်တာ ဝါနာ လယ်န်ဂင် (Waener Langen) ဦးဆောင်တဲ့ ၁၁ ဦးပါ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြတာပါ။ ၁ နာရီကြာ တွေ့ဆုံခဲ့ကြပြီးနောက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က အီးယူရဲ့ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေးကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲပြီးတဲ့အထိ စောင့်သင့်တဲ့အကြောင်း အခုလို ပြောဆိုခဲ့တာပါ။

“ကျမပြောခဲ့တာကတော့ ရွေးကောက်ပွဲတွေ ပြီးတဲ့အထိ စောင့်တာဟာ ကျိုးကြောင်း ဆီလျော်တယ် ဆိုတာပါ။ ကျမတို့ မမေ့သင့်တာက ၁၉၉၀ ပြည့်နှစ်မှာ ကျမတို့ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီး ကမ္ဘာက ဒါဟာ လွတ်လပ်ပြီး မျှတတယ်လို့လည်း လက်ခံခဲ့ကြပါတယ်။ ဒါပေမဲ့လည်း တစ်လပြီးတစ်လကြာလာပြီး နောက်ဆုံးမှာတော့ ရွေးကောက်ပွဲ ရလဒ်တွေက မြန်မာနိုင်ငံအတွက် ဘာမှ အပြောင်းအလဲ ဖြစ်မလာဘူး ဆိုတာပါပဲ။ ဒါကြောင့်လည်း ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖယ်ရှားသင့်မသင့် ရွေးကောက်ပွဲ ပြီးတဲ့အချိန်အထိ စောင့်ပါလို့ ပြောတဲ့လူတွေအတွက် ဒါဟာ လုံး၀ ကျိုးကြောင်း ဆီလျော်ပါတယ်။”

အာဆီယံနိုင်ငံများနဲ့ ဆက်ဆံရေး ဥရောပပါလီမန်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ဝါနာ လယ်န်ဂင် လည်း ဒီဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းမယ့်ကိစ္စနဲ့ ပတ်သက်ပြီး အီးယူရဲ့ သဘောထားကို ဂျာမန်ဘာသာစကားနဲ့ အခုလို ရှင်းပြခဲ့ပါတယ်။

“အီးယူအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းဖို့ဆိုတာ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး တစ်ယောက်မကျန် လွတ်မြောက်လာပြီးမှ၊ ပြီးတော့ ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အများက မျှော်လင့်သလို လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိဆိုတဲ့အပေါ်မှာနဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိမရှိ ဆိုတာတွေအပေါ် မူတည်ပါတယ်။ လက်ရှိအခြေအနေမှာက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူတဲ့ အဆင့်မှာပဲ ရှိနေသေးတာပါ။ ဒါဟာ ပထမအဆင့်ပါပဲ။ ငြိမ်းချမ်းရေး ရရှိတဲ့အထိ မဟုတ်သေးတဲ့အတွက် စောင့်ကြည့်ရဦးမှာပါ။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမတိုင်ခင် ပါတီမဲဆွယ်စည်းရုံးရေး ခရီးစဉ် တချို့မှာ ကန့်သတ်ချက်တွေ ရှိနေသေးပြီး ဒီမိုကရေစီဆန်တဲ့ အခြေခံတွေနဲ့ ရွေးကောက်ပွဲပုံစံအတိုင်း အားလုံးဖြစ်နေပြီ ဆိုတာမျိုး မပြောချင်သေးတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဒေါက်တာ ဝါနာ လယ်န်ဂင် က ဥရောပပါလီမန်က ချီးမြှင့်ထားတဲ့ စခရော့ (Sakharov) ဆု ရရှိထားသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဥရောပပါလီမန်မှာ လာရောက် မိန့်ခွန်း ပြောကြားဖို့အတွက် ဥရောပ ပါလီမန်ဥက္ကဋ္ဌ ဒေါက်တာ မာတင် ရှုဇ် (Dr. Martin Schulz) ရဲ့ ဖိတ်ကြားလွှာကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ပါတယ်။ အာဆီယံနိုင်ငံများနဲ့ ဆက်ဆံရေး ဥရောပပါလီမန်အဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ညနေပိုင်းမှာပဲ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့နဲ့လည်း သီးခြားဆီ ဆက်လက် တွေ့ဆုံခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်တဲ့ ၅ ရက်ကြာ ခရီးစဉ်အတွင်း အာဆီယံနိုင်ငံများနဲ့ ဆက်ဆံရေး ဥရောပပါလီမန်အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအဝင် အစိုးရ တာဝန်ရှိသူတွေနဲ့လည်း မနေ့က သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြတာပါ။ ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး သူရဦးရွှေမန်းက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။

“လူမှုစီးပွားရေးဘ၀ တိုးတက် မြင့်မားအောင် ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ မျှတသော၊ မှန်ကန်သော၊ စီးပွားရေးစနစ်မှာ ချမှတ်ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါကလည်း ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေး စနစ်ကို မှန်ကန်စွာ ဖော်ဆောင်ဖို့ လိုပါတယ်။”

ဥရောပပါလီမန်အဖွဲ့ဟာ မတ်လ ၁ ရက်နေ့ ကြာသပတေးနေ့မှာ နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံဖို့ရှိသလို ညနေစောင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့လည်း ရှိပါတယ်။

XS
SM
MD
LG