သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် အရေးယူမှု အီးယူ သုံးသပ်မည်


မြန်မာနိုင်ငံအပေါ် အရေးယူမှု အီးယူ သုံးသပ်မည်
မြန်မာနိုင်ငံအပေါ် အရေးယူမှု အီးယူ သုံးသပ်မည်

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို ဖယ်ရှား ပေးသင့် မပေးသင့် အီးယူ ဥရောပသမဂ္ဂက ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေဟာ လာမယ့် တနင်္လာနေ့မှာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို ဆွေးနွေးကြမှာ ဖြစ်သလိုပဲ အီးယူရဲ့ နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ ကက်သရင်း အက်ရှ်တွန် (Catherine Ashton) ဟာလည်း မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပါတယ်။ ဒီအကြောင်း ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အီးယူ ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ အရေးယူ ဒဏ်ခတ်ထားမှုတွေ အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို ပြင်ဆင်ဖို့အတွက် လာမယ့် တနင်္လာနေ့ရောက်ရင် အီးယူ နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ ကက်သရင်း အက်ရှ်တွန် ဦးဆောင်ပြီး ဘရပ်ဆဲလ် (Burssels) မှာ ဆွေးနွေးဖို့
ရှိတယ်လို့ မစ္စ အက်ရှ်တွန်ရဲ့ ပြောခွင့်ရ မိုက်ကယ် မန်း (Michael Mann) က ဗွီအိုအေကို ပြောပါတယ်။

"အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံက နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံးဟာ အီးယူ နိုင်ငံခြား မူဝါဒရေးရာအကြီးအကဲ ကက်သရင်း အက်ရှ်တွန် ဦးဆောင်ပြီး မြန်မာ့အရေးကို တနင်္လာနေ့မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အဲဒီမှာ အီးယူရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ဘယ်လို ပြောင်းမယ်ဆိုတာ ဆွေးနွေးကြမှာပါ။ အဖွဲ့ဝင် နိုင်ငံတွေက ဘယ်လို တင်ပြကြမယ်ဆိုတာ မသိရသေးပေမဲ့ မြန်မာဟာ လမ်းကြောင်းမှန်ပေါ်ကို ဦးတည် ပြောင်းလဲနေပြီလို့ အားလုံးက မြင်ကြတာမို့ အီးယူရဲ့ မြန်မာဆိုင်ရာ မူဝါဒကို ဘယ်လောက်နှုန်းထားနဲ့ ပြောင်းကြမယ်ဆိုတာ ဆုံးဖြတ်ကြမှာပါ။ အစည်းဝေးအပြီးမှာတော့ ကြေညာချက် ထုတ်ပြန်မှာ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပေးခဲ့တာနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ကနေ လွှတ်ပေးခဲ့ပေမဲ့ အီးယူ နိုင်ငံခြားရေး ဝန်ကြီး တွေဟာ မနှစ်က ဧပြီလထဲမှာ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုကို သက်တမ်း တနှစ် ထပ်ပြီး တိုးခဲ့ပါတယ်။

အခု မြန်မာနိုင်ငံမှာ မှန်ကန်တဲ့ အပြောင်းအလဲတွေ တွေ့နေရပြီ ဆိုပေမဲ့ တချို့ အီးယူအဖွဲ့ဝင် နိုင်ငံတွေက မြန်မာ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေးတာနဲ့ ဧပြီလ ရွေးကောက်ပွဲမှာ ပွင့်လင်း သန့်ရှင်းမှု ရှိမရှိကို စောင့်ကြည့်ချင်သူတွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ အီးယူရဲ့ ဧပြီလ အစည်းဝေး မတိုင်ခင် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီး သဘောထားကို သိဖို့ လိုတာမို့ ဒီတနင်္လာနေ့ အစည်းဝေးမှာ အဖြေထုတ်ကြတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက အပြောင်းအလဲတွေကို လက်တွေ့ သိနိုင်ဖို့အတွက် အီးယူရဲ့ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ ကက်သရင်း အက်ရှ်တွန်ဟာလည်း မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ မိုက်ကယ် မန်းက ပြောပါတယ်။

"ကက်သရင်း အက်ရှ်တွန်ဟာ မြန်မာနိုင်ငံကို သွားဖို့ရှိပါတယ်။ အခုချက်ချင်း မဟုတ်သေးပါဘူး။ သွားမယ့်ရက် အတိအကျ မပြောနိုင်သေးပေမယ့် သူဟာ မြန်မာနိုင်ငံကို သွားမှာပါ။"

မြန်မာနိုင်ငံကို အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အီးယူနိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေဟာ မကြာခင် လတွေအတွင်းမှာပဲ မြန်မာနိုင်ငံကို သွားရောက်ပြီး ဆန်းစစ်မှုတွေ လုပ်ခဲ့ကြပါတယ်။

ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဝီလျှံ ဟေ့ခ် (William Hague) က မြန်မာ အစိုးရအနေနဲ့ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်လို့ ပြောကြားခဲ့ပေမဲ့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး အယ်လိန်း ယူပေး (Alain Juppe) ကတော့ သမ္မတ ဦးသိန်းစိန်ကို တကယ့် ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်နေသူလို့ မြင်ကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်ထားမှုကို အီးယူက ဘယ်လို ဆုံးဖြတ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဥရောပရုံး တာဝန်ခံ ဦးဟန်ညောင်ရွှေရဲ့ အမြင်ကို ကြည့်ရအောင်ပါ။

"ကျနော့်အနေနဲ့ မြင်တာကတော့ ရုပ်သိမ်းဖို့ များလာတာပေါ့။ ဘာကြောင့်လည်း ဆိုရင် အကျဉ်း သမားတွေလည်း လွှတ်ပြီ။ အကုန်မလွှတ်ပေမဲ့ တော်တော်များများ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ လွှတ်ပြီးပြီ။ ပြီးတော့မှ ဒီ တိုင်းရင်းသား တိုက်ပွဲတွေလည်း တော်တော်များများ ငြိမ်သွားပြီဆိုတော့ ကျနော်ထင်တာတော့ အလားအလာ ရှိပါတယ်။ ကျနော်တို့ ဗမာထဲမှာကတော့ မရုပ်သိမ်း စေချင်သေးဘူးပေါ့နော်။

အခု အပြောင်း အလဲတွေက တကယ် ယုံရလား၊ မယုံရလား အဲဒီလိုမျိုး စိုးရိမ်တဲ့လူတွေ ရှိပါတယ်။ ဒါပေမဲ့ ဥရောပသမဂ္ဂ အစိုးရအနေနဲ့က ကျနော် နားလည်သလောက်ကတော့ သူတို့ကတော့ အခုလိုမျိုး အပြောင်းအလဲ ဖြစ်လာတယ် ဆိုရင် ပိုပြီးမှ ပြောင်းလဲအောင် အားပေးဖို့ လိုမယ်။ အခုလိုမျိုး သူတို့က လုပ်လာပြီးတော့မှ ဘာမှ အသိအမှတ် မပြုဘူး၊ ဘာမှ အားမပေးဘူးဆိုရင် ဒီဟာက နောက်ဆုတ် သွားနိုင်တယ်ဆိုတဲ့ သဘောထားတော့ ရှိတယ်လို့ ကျနော် နားလည်ပါတယ်။"

အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေ အနေနဲ့ ဒီအရေးယူ ဒဏ်ခတ်မှုကို ဧပြီလ ဆုံးဖြတ်ချက်ချတဲ့ အချိန်အထိ စောင့်မနေဘဲ အချိန်မရွေး ရုပ်သိမ်းပေးနိုင်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်ကို တနင်္လာနေ့မှာ ကြားကြရမှာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲမှုတွေ တိုးလာစေဖို့အတွက် ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေကိုတော့ ဥရောပသမဂ္ဂ နိုင်ငံတွေက တိုးပေးဖို့ ဆုံးဖြတ်ချက်တော့ ပါဝင်နိုင်တယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG