သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို ကုန်သွယ်မှု သက်ညှာခွင့် ပြန်ပေးဖို့ ပါတီတွေ တိုက်တွန်း


မြန်မာကို ကုန်သွယ်မှု သက်ညှာခွင့် ပြန်ပေးဖို့ ပါတီတွေ တိုက်တွန်း
မြန်မာကို ကုန်သွယ်မှု သက်ညှာခွင့် ပြန်ပေးဖို့ ပါတီတွေ တိုက်တွန်း

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူထားတဲ့ ဥရောပသမဂ္ဂအဖွဲ့ (EU) အနေနဲ့ မြန်မာနိုင်ငံက ထွက်ကုန်တွေကို အခွန်သက်သာ လျှော့ပေါ့ပေးဖို့ ဒီမိုကရေစီ မိတ်ဆွေ ပါတီတွေက တိုက်တွန်းလိုက်ကြပါတယ်။ မြန်မာအစိုးရ အဖွဲ့ထဲက အရပ်သား အစိုးရ အဖွဲ့ဝင်တွေအပေါ် ခရီးသွားလာခွင့် ကန့်သတ်ချက်ကို EU က တနှစ် ရုပ်သိမ်းပေးလိုက်ပြီးတဲ့နောက်မှာ အခုလို ထပ်ပြီး တိုက်တွန်းလိုက်ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

EU က ရုပ်သိမ်းထားတဲ့ GSP ခေါ် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး ခံစားခွင့် မြန်မာနိုင်ငံကို ပြန်ပေးပါဆိုပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ ဒီမိုကရေစီ မိတ်ဆွေ ပါတီများ ၁၁ ပါတီက စုပေါင်းပြီးတော့ EU ဆီ အိတ်ဖွင့်ပေးစာနဲ့ တိုက်တွန်းဖို့ ဧပြီလ ၂၈ ရက်နေ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ကြတာပါ။

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတာတွေကို ရုပ်သိမ်းပေးဖို့ ဒီမိုကရေစီ မိတ်ဆွေ ပါတီတွေကနေ ပထမ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပြီးတဲ့နောက် အခုတခါ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး နောက်ထပ် တိုက်တွန်းချက်တခု ထပ်လုပ်လိုက်တာ ဖြစ်ပါတယ်။ ပထမ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပြီးတဲ့နောက်မှာ EU ဘက်ကနေ အရေးယူမှု အကုန်လုံး မရုပ်သိမ်းပေမဲ့ မြန်မာအစိုးရ အဖွဲ့ထဲက အရပ်သား အစိုးရ အဖွဲ့ဝင်တွေအပေါ် ခရီးသွားလာခွင့် ကန့်သတ်ချက်ကို တနှစ် ရုပ်သိမ်းပေးခဲ့ပါတယ်။

အခု အိတ်ဖွင့်ပေးစာထဲမှာ အဲဒီလို ရုပ်သိမ်းပေးတာကို ကျေးဇူးတင်တဲ့ အကြောင်းနဲ့ GSP အခွင့်အရေး ပြန်ပေးဖို့အကြောင်း တိုက်တွန်းထားတယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဦးသိန်းတင်အောင်က ဗွီအိုအေကို ပြောပါတယ်။

“အဓိကတော့ GSP အခွင့်အရေးကို ပြန်လည်ပြီး မြန်မာနိုင်ငံ အနေနဲ့ ခံစားခွင့် ရရှိရေးအတွက် EU အနေနဲ့ ပြန်လည်စဉ်းစား သုံးသပ်ပေးပါ ဆိုပြီးတော့ ကျနော်တို့က မေတ္တာရပ်ခံတာပါ။ GSP ဆိုတာကတော့ မြန်မာပြည်က ထုတ်ကုန်တွေကို ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ အခွန်ကင်းလွတ်ခွင့်ပေါ့ဗျာ၊ အထွေထွေ သက်သာ လျှော့ပေါ့ပေးရေးပေါ့ဗျာ။”

GSP အခွင့်အရေးကို ဖွံ့ဖြိုးဆဲနိုင်ငံ ၁၇၆ နိုင်ငံအတွက် EU က ပေးထားတာဖြစ်ပြီး EU ဈေးကွက်ထဲ တင်သွင်းတဲ့ အဲဒီနိုင်ငံတွေက ကုန်ပစ္စည်းတွေကို အခွန်လျှော့ပေါ့ ကောက်ယူတဲ့ အခွင့်အရေး ပေးထားတာပါ။ GSP အခွင့်အရေးပေးတဲ့ အဓိက ရည်ရွယ်ချက်က ဆင်းရဲမွဲတေမှု လျှော့ချဖို့၊ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးဖို့နဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ဖြစ်ပေါ်စေဖို့တို့ ဖြစ်တယ်လို့ EU ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

EU က မြန်မာနိုင်ငံကို ဒဏ်ခတ် အရေးယူထားတာတွေ ရှိတယ် ဆိုပေမဲ့ ကုန်ပစ္စည်း တင်ပို့တာကတော့ ရှိနေဆဲပါလို့ ရန်ကုန်မြို့ခံ ကုန်သည်တဦးက ပြောပါတယ်။

“ကျနော်တို့ သိသလောက်တော့ မြန်မာပြည်ကနေ ဥရောပနိုင်ငံ အသီးသီးကို အဓိက ပို့တာတော့ လက်ခစား စနစ်နဲ့ ပို့တဲ့ အထည်ချုပ်တွေကတော့ အဓိက များတာပေါ့။ ဒုတိယပိုင်းလောက်မှာတော့ ရေထွက်ကုန်ပစ္စည်းနဲ့ သစ်တောထွက်ပစ္စည်း အနည်းငယ်လောက် ပို့တာရှိတယ်။ ကောက်ပဲသီးနှံက ပို့တော့ ပို့တယ်၊ ပမာဏတော့ မများဘူး။”

သူတို့က စာပို့လိုက်ရုံနဲ့ EU ဘက်က လိုက်လုပ်ပေးမှာ မဟုတ်ဘဲ အစိုးရအဖွဲ့ရဲ့ လက်တွေ့ အကောင်အထည် ဖော်မှုက အဓိက ကျပါတယ်လို့ ကိုသိန်းတင်အောင်က ပြောပါတယ်။

“အဓိကကတော့ ဒီအစိုးရသစ်ရဲ့ Good Governance နဲ့ Clean Government အကောင်အထည် ဖော်ဖို့က ဘယ်လောက်အထိ ထင်သာမြင်သာ ရှိမလဲ၊ ဘယ်လောက်အထိ ရလဒ်ထွက်မလဲ ဆိုတဲ့အပေါ်မှာတော့ အဓိက အပြောင်းအလဲ ဖြစ်မှာပေါ့လေ။ ဒါပေမဲ့ ကျနော်တို့ကတော့ ဒါ သဘောထား ပေးတာပါ။ ကျနော်တို့ရဲ့ ဒီလို တောင်းဆိုမှုကြောင့် တခုတည်းနဲ့တင်လည်း GSP က ရလာနိုင်မှာ မဟုတ်ဘူးဆိုတာ ကျနော်တို့က သိပါတယ်။

“ဒါပေမဲ့ ကျနော်တို့ သဘောထားက ဒါတွေဟာ လိုအပ်နေတယ်၊ တဘက်ကလည်း ကျနော်တို့က အစိုးရသစ်ကို သူပြောတဲ့အတိုင်း Good Governance တို့ Clean Government တို့ Transparency ရှိအောင်၊ Accountability ရှိအောင် ကျနော်တို့ကလည်း ဖိအားပေးမယ်၊ တွန်းအားပေးမယ်၊ လိုအပ်တဲ့ ကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့အကြောင်းလည်း ပြောထားပါတယ်။”

EU က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူထားတာကို မကြာသေးခင်ကပဲ နောက်ထပ်တနှစ် သက်တမ်း ထပ်တိုးထားပါတယ်။ ဒါပေမဲ့လည်း EU နိုင်ငံတွေထဲမှာ မြန်မာအစိုးရနဲ့ ထိတွေ့ ဆက်ဆံချင်တဲ့ နိုင်ငံတွေ အများအပြား ရှိနေပြီး လျှော့ပေါ့ပေးချင်တဲ့ သဘောထား လက္ခဏာတွေကိုလည်း တွေ့နေရပါတယ်။

GSP အခွင့်အလမ်း ပြန်ပေးမယ် ဆိုရင်တော့ မြန်မာနိုင်ငံ ကုန်ပစ္စည်းတွေ ယှဉ်ပြိုင်နိုင်စွမ်းအား ပိုကောင်းပြီး ပြည်တွင်းထုတ်လုပ်မှုပါ တိုးတက်လာမယ်လို့ ရန်ကုန်မြို့ခံ ကုန်သည်က မျှော်လင့်ပါတယ်။

မြန်မာအစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ ပြည်တွင်းစစ် ရပ်စဲရေးကို အခိုင်အမာ လုပ်ဆောင်တာလို သိသာ ထင်ရှားတဲ့ တိုးတက်မှုတွေ မရှိဘဲနဲ့တော့ ဒဏ်ခတ် အရေးယူထားတာတွေကို မရုပ်သိမ်းသင့်သေးဘူးလို့ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ အများအပြားက ပြောကြပါတယ်။

XS
SM
MD
LG