သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU နိုင်ငံတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရေး အဆင်ပြေဖို့ မျှော်လင့်


EU ဥရောပသမဂ္ဂ ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီး Karel De Gucht ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး၊ EU ဥရောပသမဂ္ဂက နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံတွင်း စိတ်ချလက်ချ လုပ်ကိုင် ဆောင်ရွက်နိုင်အောင် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုစာချုပ်တရပ် ချုပ်ဆိုဖို့ မျှော်လင့်ထားပါတယ်။

အခြားတဘက်မှာ မြန်မာထုတ်ကုန် လုပ်ငန်းရှင်တွေဘက်ကလည်း EU ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေး ဦးစားပေး အစီအစဉ်တွေကို သိရှိနိုင်အောင် တွေ့ဆုံဆောင်ရွက်မှုတွေ လုပ်ခဲ့ပါတယ်။ ရန်ကုန်ရုံးခွဲကနေ ကိုသားညွန့်ဦးက ဒီအကြောင်း သတင်းပေးပို့ထားပါတယ်။

EU ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်မှုလုပ်ငန်းတွေ တိုးတက်လာအောင် ရည်ရွယ်ချက်နဲ့ အခု ရောက်လာတဲ့ EU ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီးရဲ့ ဒီကနေ့ ခရီးစဉ်အစမှာ UMFCCI မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ရုံးချုပ်မှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

EU ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေး ဦးစားပေး အစီအစဉ်တွေနဲ့ပတ်သက်လို့ မြန်မာထုတ်ကုန် လုပ်ငန်းရှင်တွေ နားလည်သိရှိအောင် ဆွေးနွေးခဲ့သလို၊ အဲဒီအကြောင်း အသေးစိတ် ရေးထားတဲ့ လက်စွဲစာအုပ်ကိုလည်း UMFCCI မှာ မြန်မာလုပ်ငန်းရှင်တွေကို
ဖြန့်ေ၀ ပေးအပ်ခဲ့ပါတယ်။ အဓိက အချက်ကတော့ မြန်မာထုတ်ကုန် လုပ်ငန်းရှင်တွေအနေနဲ့ EU ရဲ့ GSP အထူး ကုန်သွယ် ကင်းလွတ်ခွင့်တွေကို အသေအချာ နားလည်ပြီး အသုံးချနိုင်အောင် ရည်ရွယ်တယ်လို့ EU ပြောခွင့်ရသူက ပြောပါတယ်။

တချိန်တည်းမှာတော့ အခု ခရီးစဉ်အတွင်းမှာ EU နဲ့ မြန်မာအကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်တရပ် ချုပ်ဆိုနိုင်ဖို့ EU ကုန်သွယ်ရေး ကော်မရှင်နာဘက်က မျှော်လင့်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်ရုံး တာဝန်ရှိသူတဦးဖြစ်တဲ့ Alberto Menghini က ဗွီအိုအေ ကို ပြောပါတယ်။

“သူဟာ ကျနော်တို့ EU ရဲ့ ကုန်သွယ်ရေးဝန်ကြီး သဘောမျိုးပါ။ သူ မြန်မာနိုင်ငံ ကို လာရောက်တဲ့ အဓိက ရည်ရွယ်ချက်ဟာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်တရပ် လက်မှတ်ထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံနဲ့ ဥရောပသမဂ္ဂအကြား ကုန်သွယ်မှုလုပ်ငန်း တိုးမြင့်လာအောင် ရည်ရွယ်ပါတယ်။”

စာချုပ်ရဲ့ သဘောကတော့ ဥရောပသမဂ္ဂက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံထဲမှာ စိတ်ချလက်ချ ရင်းနှီးမြှုပ်နှံနိုင်ဖို့ ဖြစ်တယ်လို့ Alberto က ပြောပါတယ်။

“ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးဆိုင်ရာ စာချုပ်ပါ။ ဥရောပက ရင်းနှီးမြှုပ်နှံသူတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့နဲ့ ဒီရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးဖို့ မြန်မာနဲ့ အီးယူ အကြား ချုပ်ဆိုဖို့ မျှော်မှန်းထားတဲ့ စာချုပ်ဖြစ်ပါတယ်။”

ဒီအတွက်လည်း မနက်ဖြန် နေပြည်တော်မှာ မြန်မာနိုင်ငံ အမျိုးသား စီမံကိန်းနဲ့ စီးပွားဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကံဇော်နဲ့ တွေ့ဆုံညှိနှိုင်းပြီး၊ EU မြန်မာ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက်တရပ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ EU နဲ့ မြန်မာအကြားမှာ အပြန်အလှန် ကုန်ပစ္စည်း ရောင်းဝယ်မှု တန်ဖိုးဟာ ၂၀၁၂ ခုနှစ် ဥရောပ ယူရိုငွေ ၄၀၂ သန်းရှိရာကနေ၊ အခု ၂၀၁၃ ခုနှစ်အတွင်း ယူရိုငွေ ၅၆၉ သန်းအထိ တိုးလာတယ်လို့ EU က ဖော်ပြပါတယ်။

EU နိုင်ငံတွေကို မြန်မာနိုင်ငံက ကုန်ပစ္စည်း တင်သွင်းမှု တန်ဖိုးဟာလည်း ၂၀၁၂ ခုနှစ်ထက် ယှဉ်ရင် ၃၅ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ အပြောင်းအလဲကာလမှာ ကုန်သွယ်ရေးလုပ်ငန်းတွေ တိုးတက်လာစေဖို့အတွက်လည်း မြန်မာနိုင်ငံရဲ့ အလတ်စားနဲ့ အသေးစားလုပ်ငန်းတွေကို အကူအညီပေးတာ၊ ကုန်သွယ်ရေး လုပ်ငန်းပိုင်းဆိုင်ရာ အခြေခံ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အစီအစဉ်တွေ ဆောင်ရွက်ပေးတာအပြင် မြန်မာနိုင်ငံတွင်း EU ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးရုံး ထားရှိနိုင်ဖို့ EU ဘက်က ကြိုးပမ်းဆောင်ရွက်နေပါတယ်။

အခု EU ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီး Karel De Gucht ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ၂ ရက်ကြာမှာဖြစ်ပြီး၊ ဒါဟာ သူ့ရဲ့ ပထမဆုံး တရားဝင် လာရောက် လည်ပတ်မှုလည်း ဖြစ်ပါတယ်။ EU ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီးဟာ မြန်မာနိုင်ငံကို ရောက်မလာခင်မှာ အခြားအရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံကိုလည်း သွားရောက်ခဲ့ပြီး အဲဒီက ကုန်သွယ်ရေးဆိုင်ရာ အကြီးအကဲတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။
XS
SM
MD
LG