ဥရောပသမဂ္ဂ (EU)၊ လက်တင်အမေရိကနဲ့ ကရေဘီယံနိုင်ငံများအသိုက်အဝန်း (CELAC) ခေါင်းဆောင်တွေဟာ (၈) နှစ်အတွင်း ပထမဆုံးထိပ်သီးအစည်းအဝေးပွဲအဖြစ် ဥရောပသမဂ္ဂ ရုံးချုပ် ရှိရာဘယ်လ်ဂျီယံနိုင်ငံမြို့တော် ဘရပ်ဆဲလ်မှာ တနင်္လာနေ့က တွေ့ဆုံကြပါတယ်။
အတ္တလန်တိတ်တဝှမ်း ခေါင်းဆောင်တွေ တွေ့ဆုံကြတဲ့အဖွင့်နေ့မှာ ဥရောပကောင်စီဥက္ကဋ္ဌ Charles Miche ကမျက်မှောက်ကမ္ဘာကြီးဟာ အရင်တွေ့ဆုခဲ့ကြတဲ့ ၂၀၁၅ ခုနှစ်နဲ့ အလွန်ကွာခြားသွားပြီလို့ အဖွင့် မိန့်ခွန်းမှာပြောပါတယ်။ ဒီနှစ်တွေထဲမှာ ရာသီဥတုဖောက်ပြန်မှု၊ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါနဲ့ အခု နောက်ဆုံး ယူကရိန်းစစ်ပွဲအထိ အရေးကိစ္စမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။
ဥတုရာသီပြောင်းလဲမှုကြောင့် အပူချိန်တိုးမြင့်မှု၊ ပြင်းထန်တဲ့ တောမီးလောင်မှု၊ ရေကြီးမှု စတဲ့ကပ်ဘေး တွေနဲ့အတူ ဥရောပနဲ့ တောင်အမေရိကတိုက်ကြီး နှစ်ခုလုံးနဲ့ ကရေဘီယံဒေသတွေမှာ ပင်လယ်ရေမျက် နှာပြင် သိသိသာသာမြင့်တက်လာတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဒါတွေကို အတူတကွ အမြန်ဆုံးနဲ့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ဖို့ လိုတယ်လို့ သတိပေးပါတယ်။
တဖက်မှာလည်း ဥရောပရဲ့ ရာစုနှစ်ဟောင်းက ကိုလိုနီစနစ်နဲ့ ကျွန်ပြုခံခြင်းရဲ့ သက်ရောက်မှုတွေက လက်ရှိတိုင်ရှိနေပြီး ၂၁ ရာစု ခေတ်မှာလည်းဥရောပဟာ ကိုလိုနီဟောင်း နိုင်ငံတွေကို တန်းတူညီမျှ လုပ်ဖော်ကိုင်ဖက်နိုင်ငံတွေအဖြစ် ဆက်ဆံဖို့လိုကြောင်း လက်တင်အမေရိက ခေါင်းဆောင်တွေက တောင်းဆိုခဲ့ကြပါတယ်။
"ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်တဲ့ တရားမျှတတဲ့ ကုန်သွယ်မှုဆက်ဆံရေးကို အာမခံဖို့ လိုကြောင်းနဲ့ ခြိမ်းခြောက်မှုကို အခြေမခံဘဲ အပြန်အလှန်ယုံကြည်မှုအပေါ် အခြေခံဖို့ လိုကြောင်း” ဘရာဇီးသမ္မတ Luiz Inacio Lula da Silva ကပြောပါတယ်။
ဥရောပခေါင်းဆောင်တွေဟာ အတိတ် ကိုလိုနီခေတ်ဟောင်းရဲ့ လုပ်ရပ်တွေ မှားယွင်းကြောင်း အကြိမ်ကြိမ်အသိအမှတ်ပြုခဲ့ကြပေမယ့် မျက်မှောက်ခေတ်စိန်ခေါ်မှုတွေကိုတော့ အတူတကွ လုပ်ဆောင်မှသာ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။