သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျိုးစောင့်ဥပဒေကြမ်း လေးရပ် EU စိုးရိမ်မကင်းရှိ


မြန်မာနိုင်ငံမှာ မျိုးစောင့်ဥပဒေလို့ လူသိများတဲ့ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဥပဒေကြမ်းနဲ့ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်း ဥရောပသမဂ္ဂ (EU) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။

ဘာသာမတူသူတွေကြား လက်ထပ်ထိမ်းမြားတာ၊ ဘာသာကူးပြောင်းတာ၊ တအိမ်ထောင်ထက်ပိုတဲ့မိသားစုစနစ်နဲ့ လူဦးရေထိန်းချုပ်မှုတွေပါဝင်တဲ့ ဥပဒေကြမ်းတွေဟာ မြန်မာနိုင်ငံက လက်ခံထားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ EU ရဲ့ ကြေညာချက်က ဖော်ပြခဲ့တာပါ။ မြန်မာအစိုးရနဲ့ လွှတ်တော်အနေနဲ့ ဥပဒေတွေ ချမှတ်ရာမှာ၊ လိုက်နာရာမှာ နိုင်ငံတကာကျင့်ဝတ်တွေအတိုင်း ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

လက်ရှိ လွှတ်တော်မှာ တင်သွင်းထားတဲ့ ဥပဒေကြမ်းတွေဟာ မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ လူ့အသိုင်းအဝိုင်းထူထောင်ရေး လုပ်ငန်းတွေနဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ EU ကြေညာချက်က ဖော်ပြခဲ့တာပါ။ ဥပဒေကြမ်းတွေကို ဆန့်ကျင်တဲ့ သဘောထားတွေ ပြောဆိုခဲ့ကြတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ လူမှုအဖွဲ့အစည်းတွေအပေါ် ခြိမ်းခြောက်မှုတွေ ရှိနေတာဟာလည်း စိတ်အနှောင့်အယှက် ဖြစ်ရတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာပဲ တခြားအကြောင်း အမျိုးမျိုးနဲ့ စာနယ်ဇင်းသမားတွေ၊ လူပုဂ္ဂိုလ်တွေအပေါ် ဥပဒေကြောင်းအရ အလွန်အကျွံ အရေးယူ အပြစ်ပေးတာတွေ ရှိနေတာဟာလည်း EU အတွက် စိုးရိမ်တဲ့အကြောင်း ပြောဆိုထားတာပါ။ EU အနေနဲ့ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေ ရရှိရေး၊ အထူးသဖြင့် အမျိုးသမီးတွေနဲ့ လူနည်းစုတွေ၊ ဘာသာရေး ယုံကြည်မှု လွတ်လပ်ခွင့်တွေ ရရှိရေး မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကိုတော့ ဆက်လက် အားပေးသွားမှာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG