သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး တိုးတက်ဖို့ EU ပူးပေါင်းဆောင်ရွက်မည်


မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေတွေတိုးတက်လာရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းဖို့ ဥရောပကောင်စီက တနင်္လာနေ့က ဆုံးဖြတ်လိုက်ပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဥရောပသမဂ္ဂနဲ့ မြန်မာ နှစ်ဘက် ဆက်ဆံရေး ပိုပြီးအားကောင်းလာမယ်လို့ ဥရောပကောင်စီက မျှော်လင့်ထားပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင် ကူးပြောင်းဖို့ကြိုးစားနေတယ်ဆိုပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်လို့ ဥရောပကောင်စီနဲ့ ဥရောပသမဂ္ဂတို့က စိုးရိမ်မကင်းဖြစ်နေတာပါ။

လူ့အခွင့်အရေးအခြေအနေ ပိုပြီးတိုးတက်လာဖို့အတွက် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်အကောင်အထည်ဖေါ်ဖို့ အချိန်ရောက်နေပြီလို့လည်း ဥရောပကောင်စီက ဆုံးဖြတ်ထားတာပါ။ ဒါကြောင့် တနင်္လာနေ့က Brussels မှာကျင်းပတဲ့ ဥရောပကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ လူ့အခွင့်အရေး ပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့ လက်တွေ့အကောင်အထည်ဖေါ်ဖွဲ့စည်းဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂ နိုင်ငံခြား မူဝါဒရေးရာအကြီးအကဲ ရုံးရဲ့ပြောခွင့်ရအမျိုးသမီး Maja Kocijancic က အခုလိုရှင်းပြပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကလူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ စောင့်ကြည့်နေတာ အချိန်အတော်ကြာခဲ့ပါပြီ။ အဓိကအနေနဲ့ နှစ်ဖက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့အဖြေထွက်လာပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အခက်အခဲတွေ၊ စိန်ခေါ်ချက်တွေရင်ဆိုင်နေရတာပါ။ အဲဒီအထဲမှာ လူ့အခွင့်အရေးကိစ္စဟာ ရေရှည်ပြဿနာဖြစ်နေပြီး တိုးတက်တဲ့ အခြေအနေရောက်ဖို့ ခက်ခက်ခဲခဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးကိစ္စမှာ ဥရောပသမဂ္ဂဘက်က ပံ့ပိုးကူညီပေးဖို့ မြန်မာအစိုးရနဲ့ မနှစ်ကတည်းက သဘောတူညီထားပြီးပါပြီ-လို့ ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ ရုံးရဲ့ပြောခွင့်ရအမျိုးသမီးကပြောသွားတာပါ။

လူ့အခွင့်အရေးပူးပေါင်းဆောင်ရွက်မယ့်အဖွဲ့မှာ နိုင်ငံတကာက ကျွမ်းကျင်သူတွေလည်းပါဝင်မှာဖြစ်တယ်လို့ မာယာကဆိုပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်ရင် အလေးထားဆောင်ရွက်မယ့်အချက်တွေကိုလည်း သူက အခုလိုဆက်ရှင်းပြပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို သေဒဏ်စီရင်ချက်ချမှတ်တာ၊ တိုင်းရင်းသား လူနည်းစုတွေရဲ့ အခွင့်အရေး၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွပ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ အမျိူးသမီးအခွင့်အရေး၊ ကလေးသူငယ်ဆိုင်ရာအခွင့်အရေး၊ အလုပ်သမားအခွင့်အရေးစတာတွေအတွက် မြန်မာနဲ့ ဥရောပ လူ့အခွင့်အရေးပူးပေါင်းဆောင်ရေးအဖွဲ့ကနေ ကျယ်ကျယ်ပြန်ပြန်ဆောင်ရွက်သွားမယ် - လို့ ပြောသွားတာပါ။

ဒီအဖွဲ့အနေနဲ့ လုပ်ငန်းစဉ်တွေကို မကြာခင်အချိန်မှာ စတင်အကောင်အထည်ဖေါ်ဆောင်ရွက်ဖို့ရှိတယ်လို့လည်း မာယာကပြောပါတယ်။ မြန်မာနဲ့ ဥရောပ လူ့အခွင့်အရေးပူးပေါင်းဆောင်ရေးအဖွဲ့အနေနဲ့ တနှစ်ကို တကြိမ် တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ ဒီအဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေတိုးတက်ကောင်းမွန်လာအောင်ကူညီဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း တနင်္လာနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်ရှင်။
XS
SM
MD
LG