သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်အကျပ်အတည်း EU စေ့စပ်ဖို့ကြိုးပမ်း


အီဂျစ်အစိုးရအနေနဲ့ မူဆလင်ညီအကိုတော်များအဖွဲ့ကို ထိတွေ့ဆက်ဆံပါရန် EU ဥရောပသမဂ္ဂ ထိပ်တန်းသံတမန်တဦးက တိုက်တွန်းလိုက်ပါတယ်။ အီဂျစ်နိုင်ငံရေး အကျပ်အတည်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်နိုင်ရေး ကြားဝင် စေ့စပ်ပေးဖို့ EU သံတမန်က ကြိုးစားနေတာ ဖြစ်ပါတယ်။

ကိုင်ရိုမြို့ကိုရောက်ရှိနေတဲ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Catherine Ashton က မူဆလင် ညီအကိုတော်များအဖွဲ့က တာဝန်ရှိသူတွေ၊ အီဂျစ်ကြားဖြတ်အစိုးရ ခေါင်းဆောင်တွေနဲ့ စစ်တပ်အကြီးအကဲတို့ကို မနေ့က တနင်္လာနေ့က သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ဒါပေမဲ့ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ တစုံတရာ ပြောဆိုခြင်း မရှိပါဘူး။ ဆွေးနွေးပွဲတွေ မတိုင်ခင်မှာတော့ အသွင်ကူးပြောင်းရေး အစိုးရမှာ မူဆလင်ညီအကိုတော်များအဖွဲ့ အပါအဝင် သက်ဆိုင်သူတွေအားလုံး အပြည့်အ၀ ပါဝင်ရေး တိုက်တွန်းကြောင်း Catherine Ashton က ကြောညာချက် ထုတ်ပြန်ပါတယ်။

အီဂျစ်စစ်တပ်က ယာယီအစိုးရ ဖွဲ့ခဲ့တာကို ဆန့်ကျင်တဲ့အနေနဲ့ ရာထူးက ဖယ်ရှားခံရတဲ့ သမ္မတ မိုဟာမက် မော်စီ ကို ထောက်ခံသူတွေက လုံခြုံရေးဌာနရုံးကို ချီတက် ဆန္ဒပြကြဖို့ မနေ့ညနေပိုင်းမှာ နှိုးဆော်ထားပါတယ်။

မစ္စတာမော်စီကို ရာထူးက ထုတ်ပယ်တာကို ဆန့်ကျင်မှုနဲ့အတူ သူတို့ရဲ့ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာ ပြန်အဖတ်ဆည်ဖို့ သန်းနဲ့ချီတဲ့ လူထုဆန္ဒပြပွဲကြီး ဒီနေ့ အင်္ဂါနေ့မှာ ကျင်းပဖို့အတွက် မော်စီ ထောက်ခံသူတွေက တနလာၤနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အီဂျစ်ပြည်သူတွေကို နှိုးဆော်ခဲ့ကြပါတယ်။

မော်စီထောက်ခံသူတွေအနေနဲ့ စစ်တပ်နဲ့ဆိုင်တဲ့ အဆောက်အဦးတွေ၊ ပစ္စည်းတွေ အထူးသဖြင့် စစ်တပ်ထောက်လှမ်းရေးဌာနချုပ် အဆောက်အဦးကို ဝေးဝေးက ရှောင်ကြဖို့ သတိပေးထားပါတယ်။ စစ်တပ်ထောက်လှမ်းရေး ဌာနချုပ်လို နေရာတွေဟာ အထူးအရေးပါတဲ့အတွက် အနားကပ်သူ ဘယ်သူမဆို အန္တရာယ်နဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးထားတာပါ။
XS
SM
MD
LG