သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပသမဂ္ဂ ရုရှားဒဏ်ခတ်မှု သက်တမ်းတိုး


EU ဥရောပသမဂ္ဂအလံများ။
EU ဥရောပသမဂ္ဂအလံများ။

ယူကရိန်းအရေးမှာ ရုရှားရဲ့ ပါဝင်ပတ်သက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံပေါ် ဒဏ်ခတ်ပိတ်ဆို့ထားတာကို နောက်ထပ် ၆ လ သက်တမ်း တိုးဖို့ ဥရောပသမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့မှာ သဘောတူလိုက်ကြပါတယ်။

လူဇင်းဘတ်နိုင်ငံမှာ ကျင်းပနေတဲ့ EU အဖွဲ့ဝင် ၂၈ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့စည်းဝေးပွဲကနေ ဒီဆုံးဖြတ်ချက် ထွက်ပေါ် လာတယ် ဆိုပေမယ့် EU သံတမန် ကိုယ်စားလှယ်တွေကပြီးခဲ့တဲ့အပတ်ထဲမှာ ကြိုတင် ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။

ရုရှားနိုင်ငံပေါ် အခုချမှတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုထဲမှာ စွမ်းအင်၊ ကာကွယ်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကဏ္ဍတွေပါဝင်ပြီး ယူကရိန်း ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားက သိမ်းယူခဲ့အပြီး ၄ လအကြာ ၂ဝ၁၄ ဂျူလိုင်လကစလို့ ချမှတ်ခဲ့တာပါ။ အခု သက်တမ်းတိုးလိုက်တဲ့ ဒဏ်ခတ် ပိတ်ဆို့ မှုဟာ ၂ဝ၁၆ ဇန္နဝါရီလကုန်အထိ ဖြစ်ပါတယ်။

ဒီပြစ်ဒဏ် ခတ်ပိတ်ဆို့မှုဟာ အခြေအမြစ်မရှိတဲ့ လုပ်ရပ်လို့ ရုရှားနိုင်ငံက စွပ်စွဲလိုက်ပြီး ရုရှားနိုင်ငံအနေနဲ့ အပြန်အလှန်သဘောမျိုး တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ရုရှားအစိုးရပြောခွင့်ရသူ Dmitri Peskov ကပြောပါတယ်။ ရုရှားရဲ့တုံ့ပြန်မှုဟာ ဥရောပ စားသောက်ကုန်တွေကို ရုရှားနိုင်ငံထဲ တင်သွင်းခွင့်ပိတ်ပင်မယ့် သဘောမျိုး ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက ခန့်မှန်းနေပါတယ်။

ရုရှားပေါ် ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုးတာဟာ အပစ်ရပ်ငြိမ်းချမ်းရေး Minsk သဘောတူညီချက်ပါ အချက်တွေနဲ့အညီ လုပ်ဆောင်တာ ဖြစ်တယ်လို့ EU ပြောခွင့်ရ Maja Kodijancic ကပြောပါတယ်။

XS
SM
MD
LG