သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့အရေးဆုံးဖြတ်ချက် လူ့အခွင့်အရေးကောင်စီ အတည်ပြုနိုင်ဖို့ EU မျှော်လင့်


U.N. Human Rights Council

လူ့အခွင့်အရေးကောင်စီညီလာခံမှာ ဒီသတင်းပတ်အတွင်း မဲခွဲဆုံးဖြတ်မယ့် မြန်မာ့အရေး ဆုံးဖြတ်ချက် ကို အဖွဲ့ဝင်နိုင်ငံအများစုက ထောက်ခံဖို့ မျှော်လင့်ထားကြောင်း ဥရောပသမဂ္ဂ ကပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် နိုင်ငံတကာစုံစမ်းရေး အဖွဲ့စေလွှတ်ဖို့ အချက်ပါဝင်နေတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းကို ညီလာခံမှာ နှစ်ပတ်ကြာ အကြိတ်အနယ်ဆွေးနွေး ခဲ့ကြတာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ (၃၄)ကြိမ်မြောက် ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ဥရောပသမဂ္ဂ ဦးဆောင်ရေးဆွဲတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင်နိုင်ငံပေါင်း (၄၇)နိုင်ငံက မတ်လ (၂၃)ရက်နေ့မှာ မဲခွဲဆုံးဖြတ်မယ်လို့ မျှော်လင့်ထားပါတယ်။ အဖွဲ့ဝင်အများစုက ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံကြမယ်လို့ သူတို့မျှော်လင့်ထားကြောင်း ဥရောပသမဂ္ဂ ပြည်ပ ဆက်ဆံရေးဌာနက ပြောခွင့်ရ ပုဂ္ဂိုလ် Maja Kocijancic က ဗွီအိုအေကို အခုလို ပြောပါတယ်။

"လာမယ့်ရက်တွေအတွင်း ညီလာခံမှာ ဆွေးနွေးမှုတွေကနေ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ဖို့ ထောက်ခံကြလိမ့်မယ်လို့ ကျမတို့ မျှော်လင့်ထားပါတယ်။ အခုရက်ပိုင်းတွေအတွင်း အပြန်အလှန်ဆွေးနွေးပြီးနောက် မတ်လ (၂၃)ရက် ဒါမှမဟုတ် (၂၄)ရက်နေ့ ဒီသတင်းပတ်အတွင်းမှာ ဆုံးဖြတ်ချက်ကို အတည်ပြုမှာဖြစ်ပါတယ်။"

မတ်လ ဒုတိယပတ်အတွင်း ထွက်ပေါ်လာတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ဆိုတဲ့ မူကြမ်းမှာတော့ နိုင်ငံတကာစုံစမ်းပေးဖို့ တောင်းဆိုထားတဲ့ အချက် ပါဝင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဒါပေမဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်တွေဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် နိုင်ငံတကာစုံစမ်းရေးအဖွဲ့ စေလွှတ်ဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ဥရောပသမဂ္ဂ က ပြီးခဲ့တဲ့ ကြာသာပတေးနေ့က လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ Maja Kocijancic ကအခုလိုပြောပါတယ်။ ။

"လူ့အခွင့်အရေးကောင်စီညီလာခံမှာ ဒီဆုံးဖြတ်ချက်မူကြမ်းထဲမှာပါတဲ့ အချက်နဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ သတင်းနှစ်ပတ်ကတည်းက ဆွေးနွေးခဲ့ကြပြီပါပြီ။ အဲဒါကတော့ လွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းရေးအဖွဲ့ စေလွှတ်ဖို့ အဆိုပြုထားတဲ့ အချက်ဖြစ်ပါတယ်။"

ရခိုင်ပြည်နယ် မြောက်ပိုင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ သူ့အနေနဲ့ COI ခေါ် နိုင်ငံတကာစုံစမ်းစစ်ဆေးရေးကော်မရှင်က ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုထားပေမဲ့ အခုထွက်လာမယ့် မြန်မာ့အရေးဆုံးဖြတ်ချက်အသစ်မှာ အများစု သဘောထား ဘယ်လိုရှိမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee က တနင်္လာနေ့က CNN နဲ့ မေးမြန်းခန်းမှာ ပြောသွားပါတယ်။

"ကျမကတော့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကနေ စုံစမ်းဖို့ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းဘက်က ဒါကို ဆန္ဒမရှိပါဘူး။ ဒါကြောင့် အခု မြန်မာ့အရေးဆုံးဖြတ်ချက်မှာအခေါ်အဝေါ်ပြောင်းလဲပြီး ဖေါ်ပြထားတယ်ဆိုတော့ အများဆန္ဒနဲ့ ထွက်လာမယ့် ဆုံးဖြတ်ချက်အသစ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျမတို့ စောင့်ကြည့်ရမှာပါ။"

ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေနဲ့ပတ်သက်ပြီး အပြင်းအထန် ဝေဖန်ခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ လည်း သူရဲ့ အမြင်ကို Yanghee Lee က CNN ကိုအခုလိုပြောသွားပါတယ်။

"ရခိုင်ပြည်နယ်တခုတည်းမှာတင်မဟုတ်ပါဘူး ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ဖြေရှင်းတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က အနည်းဆုံး တော့ ထုတ်ဖေါ်ပြောဆိုသင့်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာကို ချုပ်ကိုင်ထားဆဲပဲလို့ ကျမပြောနိုင်ပါတယ်။ လွှတ်တော်ထဲမှာ စစ်တပ်က ၂၅%ပါဝင်နေပြီး ပြည်ထဲရေး၊ နယ်စပ်လုံခြုံရေးနဲ့ ကာကွယ်ရေးကိုလည်း စစ်တပ်ကပဲထိန်းချုပ်ထားတာဖြစ်ပါတယ်။"

Yanghee Lee ကိုယ်တိုင် မတ်လ (၁၃) ရက်နေ့က လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ ဖေါ်ပြထားတဲ့ အစီရင်ခံစာ ကိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ပတ်သက်လို့ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးပေးဖို့ Yanghee Lee အပါအ၀င် နိုင်ငံအတော်များ များက တိုက်တွန်းခဲ့တာတွေရှိပေမဲ့ တရုတ်ကိုယ်စားလှယ်ကတော့ ဒါဟာ ပြည်တွင်းရေးကိစ္စဖြစ်တယ်လို့ ကန့်ကွက်ပြောဆိုခဲ့ပါတယ်။ တချိန်တည်းမှာပဲ မတ်လ (၁၈)ရက်နေ့က လုံခြုံရေးကောင်စီမှာ ဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ ဗြိတိန်နိုင်ငံက တင်သွင်းတဲ့ ရခိုင်ပြည်နယ်အရေးကိစ္စပါဝင်တဲ့ မြန်မာ့အရေးကြေညာချက်ကို ရုရှားနဲ့ တရုတ်နိုင်ငံတွေက ကန့်ကွက်ခဲ့ပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆုံးဖြတ်ချက်ကို အတည်ပြုမယ်ဆိုရင်အဖွဲ့ဝင် (၄၇)နိုင်ငံထဲမှာ ပါဝင်နေတဲ့ တရုတ်က ကန့်ကွက်မယ့်အလားအလာရှိနေတာကို လူ့အခွင့်အရေးလှုပ်ရှားသူတွေက စိုးရိမ်နေကြပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးတပ်တွေဘက်က လူ့အခွင့်အရေးချိုးဖောက် မှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖေါ်ပြထားတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေ နဲ့ပတ်သက်လို့ အထောက်အထားခိုင်လုံမှု မရှိကြောင်း ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့တဲ့ မြန်မာအစိုးရ ရခိုင်စုံစမ်းရေးကော်မရှင်ဘက်က တုန့်ပြန်ပြောဆိုထားပါတယ်။

XS
SM
MD
LG