သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် အီးယူ ဒဏ်ခတ်မှု တိုးမြှင့်


အီရန်အပေါ် အီးယူ ဒဏ်ခတ်မှု တိုးမြှင့်
အီရန်အပေါ် အီးယူ ဒဏ်ခတ်မှု တိုးမြှင့်

အီရန်နိုင်ငံက အငြင်းပွားစရာဖြစ်နေတဲ့ နျူကလီးယားအစီအစဉ်ကို ရပ်ဆိုင်းစေဖို့ အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ဥရောပသမဂ္ဂအဖွဲ့ အီးယူ (EU) က အီရန်နိုင်ငံကနေ ရေနံဝယ်ယူမှု အသစ်တွေကို ပိတ်ပင် တားဆီးလိုက်သလို အီရန်ဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ်လိုက်ပါတယ်။

ပိတ်ဆို့အရေးယူမှု အသစ်တွေနဲ့ပတ်သက်ပြီး အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေဟာ တနင်္လာနေ့က ဘရပ်ဆဲလ်မြို့မှာ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆုံးဖြတ်ချက်အရ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ လက်ရှိတည်ဆဲ အီရန်နိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ ရေနံဝယ်ယူမှု စာချုပ်တွေအတိုင်း ဇူလိုင်လ ၁ ရက်နေ့အထိ လိုက်နာဆောင်ရွက်ခွင့် ပြုသွားမယ်လို့ ဆိုပါတယ်။

ဒီလို ခွင့်ပြုတဲ့ကာလဟာ အပြည့်အ၀ ပိတ်ဆို့အရေးမှု စတင်တဲ့ အချိန်မရောက်ခင်အတွင်း အဓိက ရေနံဝယ်ယူတဲ့ နိုင်ငံတွေဖြစ်ကြတဲ့ ဂရိ၊ စပိန်နဲ့ အီတလီနိုင်ငံတွေကို အစားထိုးနိုင်တဲ့ နည်းလမ်းကို ရှာဖွေနိုင်စေဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။

အခုလုပ်ရပ်ဟာ နိုင်ငံတကာကနေ အီရန်အပေါ် အားကောင်းတဲ့ ဖိအားပေးမှုခြေလှမ်းတစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ ဘဏ္ဍာရေးဝန်ကြီး တီမိုသီ ဂိုက်သနာတို့က ပြောကြားလိုက်ပါတယ်။

အီရန်နိုင်ငံဟာ အရပ်သုံး စွမ်းအင်ထုတ်လုပ်ဖို့ ဆိုတာကို ဘန်းပြပြီး နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ အနောက်အင်အားကြီး နိုင်ငံတွေက စွပ်စွဲနေကြပြီး အီရန်နိုင်ငံ ကတော့ ဒီလိုလုပ်နေတာ မဟုတ်ပါဘူးလို့ ငြင်းဆိုထားပါတယ်။

ဗြိတိန်၊ ပြင်သစ် နဲ့ ဂျာမဏီ နိုင်ငံခေါင်းဆောင်တွေက နျူကလီးယား အစီအစဉ်ကို ချက်ချင်း ရပ်တန့်ပေးဖို့ အီရန်နိုင်ငံကို တောင်းဆိုထားသလို အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်မှာကို လက်မခံနိုင်ဘူးလို့လည်း ပြောဆိုပါတယ်။

XS
SM
MD
LG