သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိုးရိမ်စရာလူ့အခွင့်အရေးအခြေအနေကြောင့် မြန်မာနဲ့ဆက်ဆံရေး EU ပြန်သုံးသပ်မည်


 ဥရောပပါလီမန်၊ လူ့အခွင့်အရေးဆပ်ကော်မတီဥက္ကဌဖြစ်သူMr. Pier Antonio Panzeri ဦးဆောင်သောအဖွဲ့ နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတွေ့ဆုံ (MOI)
ဥရောပပါလီမန်၊ လူ့အခွင့်အရေးဆပ်ကော်မတီဥက္ကဌဖြစ်သူMr. Pier Antonio Panzeri ဦးဆောင်သောအဖွဲ့ နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတွေ့ဆုံ (MOI)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ မကြာသေးခင်ကပဲ ရခိုင်ပြည်နယ်နဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် ထွက်ပြေးရတဲ့အထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကိုလည်း ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်းလည်း သတိပေးခဲ့တာပါ။

ဥရောပပါလီမန် လူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီဝင်တွေ၊ နိုင်ငံခြားရေးရာနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်တွေဟာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ကိုယ်စားလှယ်တွေနဲ့အတူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

တကျော့ပြန် ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မြို့က ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့ ၅ ရက်ကြာ ခရီးစဉ်အတွင်း စိုးရိမ်မှုတွေ လျော့ပါးမသွားခဲ့ကြောင်းလည်း ဒီကနေ့ ခရီးစဉ် အဆုံးသတ်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူ Pier Antonio Panzeri က ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံတဝှမ်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျဆင်းလာနေရာမှာ ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမျိုးရေး မတူကွဲပြားသူတွေ၊ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေနဲ့ သတင်းသမားတွေအပေါ် သက်ရောက်မှုတွေ ရှိနေကြောင်းလည်း ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေရဲ့ နောက်ဆက်တွဲအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၆ သိန်းခွဲကျော် ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသလို၊ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်းလည်း နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲထားပါတယ်။ ဥရောပပါလီမန် ကိုယ်စားလှယ် အဖွဲ့ကတော့ မြန်မာနိုင်ငံက စိုးရိမ်စရာ လူ့အခွင့်အရေး အခြေအနေတွေကြောင့် ဆက်ဆံရေးတွေကို ပြန်လည်သုံးသပ်သွားမှာဖြစ်ပြီး၊ ဆုပေးဒဏ်ပေး မူဝါဒတွေကို ကျင့်သုံးသွားမှာ ဖြစ်ကြောင်းလည်း ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG