သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းဒုက္ခသည်တွေ ဥရောပ ဝင်ရောက်ဆဲ


ရွှေ့ပြောင်းဒုက္ခသည်တွေ
ရွှေ့ပြောင်းဒုက္ခသည်တွေ

တနင်္ဂနွေနေ့က Greece နိုင်ငံကို ဆီးရီးယားနိုင်ငံသား အများစုပါတဲ့ ရွှေ့ပြောင်းဒုက္ခသည် ရာနဲ့ချီ ရောက်ရှိလာပါတယ်။ ရွှေ့ပြောင်းဒုက္ခသည်တွေကို တူရကီနိုင်ငံပြန်ပို့ရေး နိုင်ငံတကာသဘောတူညီထားပေမယ်လို့ ဒီဒုက္ခသည်တွေဟာ လုံခြုံစိတ်ချရမှုမရှိတဲ့ လှေတွေနဲ့ ဂရိနိုင်ငံထဲကို ဝင်လာနေဆဲဖြစ်ပါတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရ ဒုက္ခသည်အရေအတွက် ၉၀၀ နီးပါးလောက်ရှိပြီး အဲဒီထဲမှာ ဆီးရီးယား၊ အီရတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံသားတွေပါဝင်တယ်လို့ ဆိုပါတယ်။ သူတို့တွေဟာ တနင်္ဂနွေနေ့ညပိုင်းမှာ ဂရိနိုင်ငံက Aegean ကျွန်း လေးကျွန်းဆီကို ဆိုက်ရောက်လာကြတယ်လို့ဆိုပါတယ်။

လှေတစင်းပေါ်မှာ သေဆုံးနေတဲ့ ဆီးရီးယားအမျိုးသားနှစ်ဦးကိုတွေ့ရှိခဲ့တယ်လို့ ဂရိအာဏာပိုင်တွေကပြောပါတယ်။ ဒါအပြင် တူရကီနိုင်ငံကမ်းခြေနားက ဂရိပိုင် Rhodes ကျွန်းနားမှာ မိန်းကလေး နှစ်ဦးရေနစ်သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ လခြမ်းနီအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာလည်း လစ်ဗျားကမ်းရိုးတန်းနားမှာ နောက်ထပ် ရွှေ့ပြောင်းဒုက္ခသည် (၉)ဦးသေဆုံးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဥရောပသမဂ္ဂနဲ့ တူရကီအစိုးရကြား သောကြာနေ့က သဘောတူညီချက်အရ မတ်လ (၂၀)ရက်နေ့နောက်ပိုင်း တူရကီကနေ ဂရိနိုင်ငံကို လှေတွေနဲ့ရောက်လာတဲ့ ဆီးရီးယားအပါအဝင် ရွှေ့ပြောင်းဒုက္ခသည်တွေအားလုံးကို နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားတဲ့ စာရင်းထဲ ဝင်အောင်ဆောင်ရွက်ပြီးနောက် တူရကီနိုင်ငံကို ပြန်ပို့ရမှာဖြစ်ပါတယ်။

XS
SM
MD
LG