သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခြေချသူတွေပြဿနာ မျှဝေဖြေရှင်းဖို့ EU သဘောတူညီချက်မရနိုင်


ပြောင်းရွှေ့ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို ဘယ်လိုခွဲေ၀ လက်ခံကြမယ်ဆိုတာနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂ အဖွဲ့ဝင်တွေကြား သဘောတူညီမှုရရှိဖို့ အလှမ်းဝေးနေဆဲ ဖြစ်တယ်လို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Frank-Walter Steinmeier ကပြောကြားလိုက်ပါတယ်။ သူတို့လက်ခံလာအောင် အများကြီး ဆွဲဆောင်ရလိမ့်ဦးမယ်လို့လည်း ဆိုပါတယ်။

မြေထဲပင်လယ်ဒေသမှာ လူအများပြောင်းရွှေ့ ဝင်ရောက်လာမှု ဖြေရှင်းရေးအတွက် ဥရောပ ပြည်ထဲရေးဝန်ကြီးတွေ သဘောမတူနိုင် ဖြစ်ခဲ့ကြပြီး နောက်တနေ့မှာ ဂျာမန်ဝန်ကြီးက အီတလီ နိုင်ငံခြားရေးဝန်ကြီး Paolo Gentiloni နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားတာပါ။

ဥရောပကို ရောက်ရှိနေကြတဲ့ ဆီးရီးယားနိုင်ငံသား၊ အီယီထရီးယားနိုင်ငံသား ၄ သောင်း နဲ့ ဥရောပပြင်ပ ဒုက္ခသည်စခန်းတွေမှာ နေနေကြတဲ့ ဆီးရီးယားနိုင်ငံသား ၂ သောင်း တို့ကို ခွဲဝေလက်ခံကြဖို့ ဥရောပကော်မရှင်ရဲ့ အကြံပြုချက်အပေါ် ဝန်ကြီးတွေ ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြပါဘူး။

ဒီနှစ်အတွင်း ဥရောပတိုက်ကို ပြောင်းရွှေ့ဝင်ရောက်သူ တသိန်းကျော် ရောက်ရှိခဲ့ရာမှာ အီတလီကို ဖြတ်ဝင်သူချည်းပဲ ၆ သောင်းရှိတယ်လို့ ဥရောပသမဂ္ဂ နယ်ခြားရေးရာဌာန Frontex ကဆိုပါတယ်။ ဂျာမနီဟာ မနှစ်တုန်းက ၂ သိန်းလက်ခံခဲ့ပြီး ဒီနှစ်မှာ ၄ သိန်းခွဲ လက်ခံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
လစ်ဗျားနိုင်ငံဟာ ပြောင်းရွှေ့ ဝင်ရောက်သူတွေအတွက် တံခါးပေါက်ဖြစ်နေပြီး လစ်ဗျားမှာ တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်မှုရအောင် မလုပ်နိုင်ရင် ဒုက္ခသည်ဝင်ရောက်မှု လျှော့ချနိုင်မယ် မဟုတ်ဘူးလို့ Steinmeier ကဆိုပါတယ်။

ဒီအရေးနဲ့ ပတ်သက်ပြီး ဥရောပထိပ်သီးတွေ ဇွန်လ ၂၅-၂၆ ရက်ကျရင် ဘရပ်ဆဲလ်မြို့မှာ ဆက်လက် ဆွေးနွေးကြဖို့ ရှိပါတယ်။

XS
SM
MD
LG