သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ အပေါ် ဟန်ဂေရီ ဆက်ဆံမှု ကုလ ဝေဖန်


ရွှေ့ပြောင်းဒုက္ခသည်တွေကို ဟန်ဂေရီနိုင်ငံက ပြုမူဆက်ဆံပုံဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဗုဒ္ဓဟူးနေ့က ပြောကြား လိုက်ပါတယ်။ ဟန်ဂေရီနဲ့ Serbia နိုင်ငံ နယ်စပ်မှာရှိနေတဲ့ ရာနဲ့ချီတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို ဟန်ဂေရီ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ပစ်၊ မီးသတ်ပိုက်တွေနဲ့ ပက်ခဲ့ပြီးတဲ့နောက်မှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အဲဒီလို ပြောလိုက်တာပါ။

ဒုက္ခသည်တွေကို အဲဒီလို ပြုမူဆက်ဆံတာကို မြင်တွေ့လိုက်ရတဲ့အချိန် သူ့အနေနဲ့ အံ့သြ တုန်လှုပ်သွားမိတယ်လို့ ဘန်ကီမွန်းက ပြောပါတယ်။ ဒီဒုက္ခသည်တွေဟာ စစ်ပွဲတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေကနေ ထွက်ပြေးလာကြသူတွေဖြစ်ပြီး သူတို့ကို လူသားဂုဏ်သိက္ခာနဲ့အညီ ပြုမူ ဆက်ဆံသင့်တယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို ဟန်ဂေရီအစိုးရက လူမဆန်စွာ ပြုမူဆက်ဆံခဲ့တဲ့အပေါ် Serbia ဝန်ကြီးချုပ် Aleksandar Vucic ကလည်း ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ဒုက္ခသည်တွေဟာ နယ်စပ်ဂိတ်ကို အတင်းဖြတ်ကျော်ဖို့ ကြိုးစားခဲ့ကြပြီး သူတို့ဟာ တိုင်းပြည်အတွက် အန္တရာယ်ရှိတဲ့သူတွေ ဖြစ်တယ်လို့ ဟန်ဂေရီနိုင်ငံက ပြောပါတယ်။

XS
SM
MD
LG