သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ စုံစမ်းရေးကော်မရှင် ဖွဲ့ရေး EU အတွင်း ဆွေးနွေး


ကုလ စုံစမ်းရေးကော်မရှင် ဖွဲ့ရေး EU အတွင်း ဆွေးနွေး
ကုလ စုံစမ်းရေးကော်မရှင် ဖွဲ့ရေး EU အတွင်း ဆွေးနွေး

မြန်မာနိုင်ငံဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို ချိုးဖောက်မှု ရှိမရှိ စုံစမ်းဖို့ ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ရေး ကိစ္စကို ဥရောပသမဂ္ဂ နိုင်ငံတွေအကြား ဆွေးနွေးမှုတွေ ရှိနေပြီး မကြာခင် ဥရောပသမဂ္ဂ တခုလုံးရဲ့ သဘောထား ထွက်လာဖွယ် ရှိနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရှိမရှိ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ဖို့ကိစ္စကို ထောက်ခံပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း ၂ ဦးဖြစ်တဲ့ ပါမောက္ခ ပင်ညဲရိုး (Pinheiro) နဲ့ ပါမောက္ခ ယိုဇို ယိုကိုတာ (Yozo Yokota) တို့က ဥရောပသမဂ္ဂကို မနေ့ကပဲ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံတွေထဲမှာတော့ ဗြိတိန်၊ ပြင်သစ်၊ နယ်သာလန် စတဲ့ နိုင်ငံကြီး အတော်များများကတော့ တနိုင်ငံချင်း သဘောထား အနေနဲ့ ဒီကော်မရှင် ဖွဲ့ရေးကို ထောက်ခံထားပါတယ်။ ဒါပေမဲ့ ဥရောပသမဂ္ဂ (EU) တခုလုံး အနေနဲ့ ဒီကိစ္စကို ထောက်ခံပေးဖို့ ဒီအရေး လှုံ့ဆော်သူတွေက တောင်းဆိုနေကြတာပါ။

အထူးသဖြင့်တော့ အခု ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း မြန်မာ့အရေး ဆုံးဖြတ်ချက်ထဲမှာ ဒီကိစ္စကိုပါ ထည့်သွင်းဆုံးဖြတ်ဖို့ တွန်းအားပေးနေကြပါတယ်။ အထွေထွေ ညီလာခံရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် အတော်များများကို အရင်ကတည်းက EU ဥရောပသမဂ္ဂက မူကြမ်းတင်လေ့ ရှိတာမို့ ဒီနှစ် အဆိုပြုမယ့် မူကြမ်းထဲမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စ နိုင်ငံတကာ ကော်မရှင်ဖွဲ့ရေးကိုပါ ဆုံးဖြတ်ဖို့ လှုံ့ဆော်သူတွေက လိုလားနေပါတယ်။

လက်ရှိ ဥရောပသမဂ္ဂရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားတဲ့ ဘယ်လ်ဂျီယံနိုင်ငံ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr. Ouvry ကတော့ ဒီကိစ္စကို EU အနေနဲ့ မကြာခင် ဆုံးဖြတ်ဖွယ် ရှိတယ်လို့ ပြောပါတယ်။

“လူ့အခွင့်အရေး ကိုယ်စားလှယ် ၂ ဦးရဲ့ EU အပေါ် တိုက်တွန်းချက်ကို EU ဘက်က တရားဝင် တုံ့ပြန်မှု ရှိမရှိ ဆိုတာတော့ မသိသေးပါဘူး။ ဒါပေမဲ့ ဒီကိစ္စကိုတော့ မကြာခင် ရက်အတွင်းမှာ တခုခု ဆုံးဖြတ်တော့မှာပါ။”

EU နိုင်ငံတွေထဲမှာတော့ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေကို အကောင်းမြင်ပြီး အခုလို နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့ရေးကိစ္စ ထောက်ခံဖို့ တွန့်ဆုတ်နေတဲ့ နိုင်ငံတွေ ရှိတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း EU ထဲက နိုင်ငံကြီး အချို့က ထောက်ခံပြီးသားမို့ EU ရဲ့ ထောက်ခံမှု ဖြစ်လာနိုင်ချေ ရှိတယ်လို့လည်း နိုင်ငံတကာ ကော်မရှင်ဖွဲ့ရေး စည်းရုံး လှုံ့ဆော်နေသူတဦးဖြစ်တဲ့ HREIB မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာနက ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“EU ထဲမှာ ပြင်သစ်က ထောက်ခံတဲ့တခုက ကျနော်တို့အတွက် တော်တော် အားကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ EU ထဲမှာပဲ လာမယ့် ရွေးကောက်ပွဲက ဒီမိုကရေစီ လမ်းကြောင်းကို ဖော်ဆောင်နိုင်တယ်ဆိုတဲ့ ယူဆတဲ့ နိုင်ငံတချို့ ရှိတယ်။ EU တခုလုံးကို ကျနော်တို့က Commission of Enquiry ခေါ်ဖို့အတွက် သိပ်မဖြစ်နိုင်တဲ့ အချိန်မှာ ပြင်သစ်က စပြီး ထောက်ခံတယ်လို့ ပြောတဲ့အတွက် ကျနော်တို့အတွက် အားကောင်းချက်တခုပဲ။

“အဲဒီတော့ EU တခုလုံး မရနိုင်ရင်တောင်မှ EU အဖွဲ့ဝင်တွေထဲမှာ Influential ဖြစ်နိုင်တဲ့ နိုင်ငံကြီးတွေ ပါလာလို့ရှိရင် ကျနော်တို့အတွက် ပိုပြီးတော့ အားကောင်းမှု ရှိလာနိုင်ပါတယ်။”

အခု ဒီကော်မရှင်ဖွဲ့ရေး ကိစ္စကိုတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဆုံးဖြတ်ဖို့ တိုက်တွန်းနေကြတယ် ဆိုတော့ အထွေထွေ ညီလာခံက ဆုံးဖြတ်ချက် ထွက်ဖို့အတွက် ဖြစ်လာနိုင်ချေရော ရှိပါသလား။ ဘယ်လိုမြင်လဲခင်ဗျ။

“အရင်တုန်းက သမိုင်းကြောင်း ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အရင်တုန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေမှာ မဲခွဲဆုံးဖြတ်တာ မရှိဘဲနဲ့ တခဲနက် သဘောတူတာ ရှိခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး မဲခွဲဆုံးဖြတ်မှုမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်ဖို့အတွက် ဆုံးဖြတ်တဲ့ နေရာမှာ နိုင်ငံအများစုရဲ့ ထောက်ခံမှု ရရှိခဲ့တယ်။

“အဲတော့ ဒီနှစ်မှာ ကျနော်တို့က ဒီ့ထက် တဆင့်တက်ပြီးတော့ Commission of Enquiry ခေါ်မယ်ဆိုရင် ဘယ်နိုင်ငံတွေက ဒီဟာကို လက်ခံမလဲ၊ အဲဒီဟာက ကျနော်တို့အတွက် Challenge တော့ နည်းနည်းဖြစ်မယ်။ ကျနော်တို့ အာဆီယံ နိုင်ငံတွေတော့ ထည့်ပြီး တွက်လို့မရဘူး။ လက်တင် အမေရိက နိုင်ငံတွေက ဒီလိုမျိုး ကိစ္စကို ပိုပြီးတော့ စိတ်ဝင်စားတယ်။ အာရှပိုင်းမှာ သိပ်မရပေမဲ့ လက်တင် အမေရိက နိုင်ငံတွေနဲ့ အာဖရိကဘက်မှာ ဒီကိစ္စကို ထောက်ခံတဲ့ နိုင်ငံတွေကို ကျနော်တို့ ပိုမိုပြီး ထိုးဖောက်နိုင်ဖို့ လိုအပ်နေတဲ့ အခင်းအကျင်းတော့ ဖြစ်တယ်။”

လက်ရှိအားဖြင့်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ကိစ္စကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ သြစတြေးလျ စတဲ့ အနောက်နိုင်ငံ ၁၃ နိုင်ငံက ထောက်ခံထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း ပါမောက္ခ ၂ ဦးရဲ့ EU ပေးစာထဲမှာတော့ မြန်မာနိုင်ငံတွင်း စစ်အစိုးရရဲ့ အရပ်သားတွေအပေါ် ကျူးလွန်မှုတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့ လူသားချင်း စာနာမှု ဥပဒေတွေကို ချိုးဖောက်မှုရှိတယ် ဆိုတာ ထောက်ပြပြီးတော့ အဲဒီအတွက်ကြောင့် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့ရေးကို EU အနေနဲ့ အထွေထွေ ညီလာခံကြီးကို အဆိုပြုပေးဖို့ တောင်းဆိုထားပါတယ်။

XS
SM
MD
LG