သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းရေး EU သဘောထားကွဲ


မြန်မာနိုင်ငံအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းရေး EU သဘောထားကွဲ
မြန်မာနိုင်ငံအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းရေး EU သဘောထားကွဲ

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးကိစ္စ EU ဥရောပသမဂ္ဂ အတွင်းမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။ ဥရောပသမဂ္ဂ အနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းမယ့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့ကိစ္စ ထည့်သွင်း မသွင်း ဆွေးနွေးနေကြပြီး အခုအပတ် အတွင်းမှာတော့ ယတိပြတ် အဖြေတစုံတရာ ထွက်လာနိုင်ချေ ရှိပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာ့အရေးလှုပ်ရှားမှု အဖွဲ့အစည်းတွေ၊ ဥရောပမှာရှိတဲ့ လူ့အခွင့်အရေး တာဝန်ရှိသူတွေဟာ EU ဥရောပသမဂ္ဂ သံတမန်တွေနဲ့ EU ရုံးထိုင်ရာ ဘယ်လ်ဂျီယံ ဘရပ်ဆဲလ်မြို့မှာ စက်တင်ဘာ ၆ ရက်နေ့က တွေ့ဆုံပြီး မြန်မာ့လူ့အခွင့်အရေး နိုင်ငံတကာ စုံစမ်းရေး ကော်မတီတရပ် ဖွဲ့နိုင်ရေးကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။ EU အနေနဲ့ လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းဖို့ ရှိတာမို့ အဲဒီမူကြမ်းထဲမှာ လူ့အခွင့်အရေး အခြေအနေ စုံစမ်းရေး ကော်မတီဖွဲ့ဖို့ ဆိုတာကို ထည့်သွင်းပေးဖို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ မြန်မာ့အရေး လှုပ်ရှားသူတွေက EU ဥရောပသမဂ္ဂကို တိုက်တွန်း တောင်းဆိုနေကြတာပါ။

ဒီဆွေးနွေးပွဲကို Chatham House Rule ခေါ်တဲ့ အပြန်အလှန် ပွင့်ပွင့်လင်းလင်း ပြောဆိုကြပြီး ဆွေးနွေးပွဲအတွင်း ဆွေးနွေးမှု အသေးစိတ်ကို အပြင်မထွက်ရဆိုတဲ့ စည်းမျဉ်းအရ ပြုလုပ်တာမို့ ဆွေးနွေးမှု အသေးစိတ်ကိုတော့ မသိရပါဘူး။ ဒါပေမဲ့လို့ နိုင်ငံတကာ စုံစမ်းရေး ကော်မတီဖွဲ့ရေး ကိစ္စနဲ့ ပတ်သက်လို့ EU ဥရောပသမဂ္ဂ အတွင်းမှာ သဘောကွဲလွဲမှုတွေ ရှိနေတယ်လို့ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ Burma Campaign UK က မဇိုရာဖန်းက ပြောပါတယ်။

“EU အတွင်းထဲမှာတော့ သဘောထား ကွဲလွဲမှုတွေ ရှိတယ်။ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့အတွက် ဥပမာ ဂျာမဏီတို့၊ အီတလီတို့ ကျန်တဲ့ တချို့နိုင်ငံတွေက စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့ သူတို့ ငြင်းပယ်နေပါတယ်၊ သူတို့ ဆန့်ကျင်နေတယ်။ ဒါနဲ့ တဆက်တည်းမှာပဲ UK၊ ချက်ရီပတ်ဘလစ်နဲ့ ကျန်တဲ့ တချို့ EU နိုင်ငံတွေကျတော့ သဘောတူပြီးတော့ လုပ်ချင်တယ်ပေါ့။ အဲဒါကြောင့် EU အတွင်းထဲမှာ ဒီလိုမျိုး သဘောထား ကွဲလွဲမှု ရှိနေတဲ့ အတွက်ကြောင့် EU ၂၇ နိုင်ငံစလုံး သူတို့ ဆုံးဖြတ်ချက် ချတဲ့အချိန်မှာ သဘောတူမှပဲ လုပ်နိုင်မှာဖြစ်တယ်။ အဲဒါကြောင့် ဒီတပတ်အတွင်းမှာပဲ ကျမတို့ သိရမှာ ဖြစ်ပါတယ်။”

EU ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အလုပ်အဖွဲ့ အစည်းအဝေးကို အခုအပတ်အတွင်း ကျင်းပနေပြီး ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အထွေထွေညီလာခံ မူကြမ်းတင်သွင်းရေး ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးမယ်လို့ သိရပါတယ်။ နိုင်ငံတကာ စုံစမ်းရေး ကော်မတီဖွဲ့ရေး EU တခုလုံးရဲ့ သဘောထားကို အဲဒီအစည်းအဝေးကနေ အဆုံးအဖြတ်ပေးမှာလို့ သိရပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကတော့ မကြာခင်အတွင်း မြန်မာပြည်သွားခဲ့တဲ့ ခရီးစဉ်အပေါ် မူတည်ပြီး COI ခေါ်တဲ့ စုံစမ်းရေး ကော်မတီ ဖွဲ့ရေးကိစ္စ သူ့အကြံပြုချက် အသေးစိတ် ပါဝင်တဲ့ အစီရင်ခံစာတခုကို တရားဝင် ထုတ်ပြန်ပေးဖို့ ရှိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ကျနော့် အစီရင်ခံစာ ထုတ်ပြန်တဲ့အခါ ဒီကိစ္စကိုလည်း ထည့်သွင်း ကိုင်တွယ်မှာပါ။ ဒီအစီရင်ခံစာ နောက်ရက်သီတင်းပတ် အနည်းငယ် အတွင်းမှာ ထုတ်ပြန်ဖြစ်ပါလိမ့်မယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ဘယ်လိုကိုင်တွယ် တာဝန်ယူကြမလဲဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်လို့ သုံးသပ် ဖြေရှင်းရမယ့်အချိန် ရောက်နေပါပြီ။”

မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ COI ခေါ်တဲ့ နိုင်ငံတကာ စုံစမ်းရေး ကော်မတီဖွဲ့ရေး ကိစ္စကို မစ္စတာ ကင်တားနားက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကိုရော အထွေထွေညီလာခံကိုပါ အကြံပြု တင်ပြခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံ အချို့ရဲ့ ထောက်ခံမှုကိုပဲ လက်ရှိအားဖြင့် ရထားပါတယ်။ ဒါကြောင့် အထွေထွေညီလာခံအတွင်း မဲခွဲဆုံးဖြတ်နိုင်ဖို့ လာမယ့် EU ဆုံးဖြတ်ချက်မူကြမ်းမှာ ဒီကိစ္စကို ထည့်သွင်းထားရေး လူ့အခွင့်အရေး အဖွဲ့တွေက ဆော်သြနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG