သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ ခရီးစဉ် ဖျက်


EU ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ ခရီးစဉ် ဖျက်
EU ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ ခရီးစဉ် ဖျက်

EU ဥရောပသမဂ္ဂရဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတဲ့ ခရီးစဉ်ကို EU ဘက်က ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအတွင်းမှာ မကြာခင် ပြုလုပ်တော့မယ့် ရွေးကောက်ပွဲကိစ္စ ပြောဆိုဆွေးနွေးဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ EU ရဲ့ ခရီးစဉ် ဘာကြောင့် ပျက်သွားသလဲဆိုတာ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မကြာခင် မြန်မာနိုင်ငံမှာလုပ်မယ့် ရွေးကောက်ပွဲ အခြေအနေကို စနည်းနာဖို့နဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးအင်အားစု အားလုံး ပါဝင်နိုင်ရေး မြန်မာအာဏာပိုင်တွေကို ဆွေးနွေးဖို့အတွက် EU အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် EU ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဖာဆီနို (Piero Fassino) မြန်မာနိုင်ငံကို ထပ်မံ သွားရောက်ဖို့ကိစ္စ မအောင်မမြင် ဖြစ်နေတဲ့ အချိန်မှာ EU ဘက်က အခုလို အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို သွားဖို့ စီစဉ်ခဲ့တာလို့ သိရပါတယ်။

NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီရဲ့ EU ဥရောပရုံး တာဝန်ခံ ဦးနွယ်အောင်ကတော့ EU ဘက်က တောင်းဆိုတဲ့ အချက်တွေကို မြန်မာအာဏာပိုင်တွေဘက်က မလိုက်လျောတာကြောင့် စီစဉ်ထားတဲ့ ခရီးစဉ် ပျက်သွားတာလို့ ပြောပါတယ်။

“အဓိကကတော့ သူတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ချင်တယ်၊ သူတို့လာတဲ့အခါ စစ်အာဏာပိုင်တွေနဲ့လည်း တွေ့မယ်။ ပြီးတော့ မြန်မာပြည် ရှေ့ရေးကိစ္စတွေ ဆွေးနွေးချင်တယ်။ ရွေးကောက်ပွဲကိစ္စတွေကို ဆွေးနွေးချင်တယ် ဆိုပြီးတော့ ပြောတာ။ ပြောတော့ စစ်အာဏာပိုင်တွေက တခုမှ လက်မခံဘူး။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တယ် ဆိုတာကို သူတို့က သဘောခွေ့ပုံ မပေါ်ဘူးလေ။”

အဲဒီတော့ EU ဘက်က ဖျက်လိုက်တာလား၊ မြန်မာအစိုးရဘက်က လက်မခံတာလား၊ ခရီးစဉ်နဲ့ ပတ်သက်လို့။

“မြန်မာအစိုးရဘက်က ဒီအချက်အလက်တွေကို လက်မခံဘူးဆိုတော့ သူတို့က ငြင်းဆိုတာပဲ ဖြစ်တာကိုး။ EU အဖွဲ့ အနေနဲ့ကလည်း သူတို့က အချက် ၃ ချက်လောက် တောင်းတယ်၊ တချက်မှ မရဘူးဆိုတော့ သွားလို့လည်း သူတို့ ဗီဇာပေးမှ ရမှာကိုး။ အဲဒီတော့ စစ်အာဏာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့လည်း လက်မခံဘူး၊ တခြား အချက်အလက်တွေကိုလည်း လက်မခံတဲ့ သဘောနဲ့ဆိုတော့ လက်မခံရင် ဗီဇာမရဘူးပေါ့။”

အန်ကယ်သိသလောက်ပေါ့ အခု EU ဥရောပသမဂ္ဂ မြန်မာနိုင်ငံသွားဖို့ ဆိုတာက အဓိက ဘယ်ကိစ္စတွေကို ဦးစားပေးပြီး ဆွေးနွေးဖို့ စဉ်းစားချက်ရှိလဲခင်ဗျ။

“အဓိကကတော့ ရွေးကောက်ပွဲကိစ္စပဲ။ ရွေးကောက်ပွဲကိစ္စကို တရားမျှတဖို့၊ All inclusive ဖြစ်ဖို့၊ အထူးသဖြင့် ပါတီတွေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ပါတီက ရွေးကောက်ပွဲကို အနိုင်ရထားတဲ့ပါတီ၊ ပါတီအကြီးဆုံး ဖြစ်တဲ့အတွက်ကြောင့် NLD ကို ပါစေချင်တယ်။ အဲတော့ ပါဖို့အတွက်ကို စစ်အာဏာရှင်တွေဘက်က ဘယ်လိုများ ပြန်လည် စဉ်းစားပေးနိုင်မလဲ ဆိုတဲ့ အချက်အလက်တွေပေါ့လေ။ အဲဒီဟာတွေကို သူတို့ အဓိက ပြောချင်တာပါ။ ပြီးတော့ ထုံးစံအတိုင်းပေါ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဆိုတာကလည်း အဓိကကျပါတယ်၊ သူတို့ သွားတဲ့အထဲမှာ။”

EU ရဲ့ လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရပ်တည်ချက်ကရော အခုလက်ရှိ နောက်ဆုံးအနေအထားမှာ ဘယ်လိုများ ရှိလဲခင်ဗျ။

“သူတို့ကတော့ အစကတည်းက ပြောထားတာပဲ၊ ရွေးကောက်ပွဲဟာ Free and Fair ဖြစ်ရမယ်၊ All inclusive ဖြစ်ရမယ်၊ ပြီးတော့ International Standard ကို မီရမယ်ဆိုပြီးတော့ သူတို့ ပြောထားတာကိုး။ ဆိုတော့ အဲဒီ stand အတိုင်းပဲ သူတို့ကလည်း သွားပြီး ပြောမှာပဲလေ။”

EU ဥရောပသမဂ္ဂရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌက စပိန်နိုင်ငံ ဖြစ်ပါတယ်။ အခုလာမယ့် သီတင်းပတ်မှာတော့ သူဟာ သက်တမ်းပြည့်မှာပါ။ နောက်လာမယ့် အလှည့်ကျ ဥက္ကဋ္ဌကတော့ ဂျာမဏီနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခု EU အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ သွားရောက်နိုင်ရေးကို ရန်ကုန်မှာရှိတဲ့ ဂျာမန်သံရုံးက စီစဉ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး EU အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ ခရီးစဉ် ဖျက်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ EU တာဝန်ရှိသူတွေဘက်က သီးခြား အတည်ပြုချက် တစုံတရာ မှတ်ချက်ပေးတာတော့ မရသေးပါဘူး။

XS
SM
MD
LG