သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို လက်နက်ခဲယမ်းရောင်းချမှု ပိတ်ပင်ကန့်သတ်ရေး EU ထောက်ခံ


 EU flag and Myanmar flag
EU flag and Myanmar flag

[[Zawgyi/Unicode]]

မြန်မာနိုင်ငံတွင်း အကြမ်းဖက်လုပ်ရပ်တွေကို စစ်တပ်က အရှိန်မြှင့် လုပ်ဆောင်လာနေတဲ့အတွက် မြန်မာနိုင်ငံကို နိုင်ငံတကာက လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင် ကန့်သတ်တာအပြင် တခြား ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဆောင်ဖို့ အဆင်သင့်ရှိနေကြောင်း ဥရောပသမဂ္ဂ (EU) က ပြောလိုက်ပါတယ်။

“မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်လာနေတာကြောင့် လက်နက်တင်ပို့ရောင်းချမှုအပါအဝင် နိုင်ငံတကာက ကြားဝင် ဟန့်တားမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ၊ မြန်မာစစ်တပ်အပေါ် ဒဏ်ခတ် အရေးယူမှုတွေ ထပ်မံလုပ်ဆောင်ဖို့အတွက်လည်း EU က အဆင်သင့် ရှိနေပါတယ်” လို့ EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Josep Borrell က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် ပြောကြားလိုက်တာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကယားပြည်နယ်၊ ဖရူးဆိုးမြို့နယ်တွင်း အမျိုးသမီးနဲ့ ကလေးတွေ၊ စာနာမှုအကူအညီပေးနေတဲ့ ဝန်ထမ်းတွေအပါအဝင် လူ ၃၅ ဦးထက်မနည်း သတ်ဖြတ် မီးရှို့ခံလိုက်ရတဲ့ဖြစ်စဉ်က အဲဒီလို ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဆောင်ဖို့အတွက် ဖြစ်လာစေတယ်လို့လည်း Josep Borrell ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ မြန်မာစစ်တပ်နဲ့ စစ်ကောင်စီအကြီးအကဲတွေအပေါ် EU က ပစ်မှတ်ထား ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရကို EU ကပေးမယ့် ငွေကြေးအကူအညီတွေကို ရပ်ဆိုင်းထားပြီး အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုရာရောက်စေမယ့် တခြား အကူအညီတွေကိုလည်း မပေးဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း EU ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ လုပ်ဆောင်မှုတွေကို EU အနေနဲ့ ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းတဲ့ အာဆီယံ အခြေခံမူဘောင် ငါးချက်ကိုလည်း ထောက်ခံကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

EU အနေနဲ့ လူသားဝါဒအပေါ် အခြေခံပြီး ဘက်လိုက်မှုမရှိတဲ့ စာနာမှုဆိုင်ရာ အကူအညီတွေကို ဆက်ပေးနေတာမှာ အခုနှစ်ထဲမှာတင် ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှ ာရှိနေသူတွေအတွက် စာနာမှုဆိုင်ရာ အကူအညီအတွက်ရော၊ COVID-19 နဲ့ ဆက်နွယ်နေတဲ့ ကိစ္စရပ်တွေအတွက်ပါ ယူရို ၂၄.၅ သန်း ကူညီပေးခဲ့ပြီးဖြစ်သလို အရပ်သားပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ အသက်မွေးဝမ်းကျောင်းမှုနဲ့ ပညာရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် ယူရို ၆၅ သန်း လှူဒါန်းခဲ့ပြီး ဖြစ်တယ်ဆိုတာကိုလည်း EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]









================

XS
SM
MD
LG