EU ဥရောပသမဂ္ဂဟာ မြန်မာအစိုးရသစ်နဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ချင်တဲ့ ဆန္ဒတွေ ရှိနေတယ်၊ ဒါပေမဲ့ ဒီလိုဖြစ်လာဖို့က မြန်မာအစိုးရဘက်က ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်အောင် လုပ်ပြဖို့ အဓိက လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ EU ဥရောပသမဂ္ဂရဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဟာ ရန်ကုန်မြို့မှာရှိတဲ့ အီတလီသံရုံးမှာ ဒီကနေ့လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။ အဲဒီပွဲကို မြန်မာပြည်တွင်းက AP, AFP, Reuters နဲ့ ဂျပန် Asahi သတင်းဌာနက သတင်းထောက်တွေ တက်ရောက်ကြပါတယ်။
၅ ရက်ကြာ ခရီးစဉ်နဲ့ ရောက်လာခဲ့တဲ့ အဖွဲ့ဝင် ၁၁ ဦးပါ EU အဆင့်မြင့် ကိုယ်စားလှယ်တွေရဲ့ နောက်ဆုံးနေ့ အစီအစဉ်အဖြစ် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပတာပါ။ မနေ့တုန်းကတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ၊ NLD ခေါင်းဆောင်တွေနဲ့ EU ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီမတိုင်ခင်ကတော့ နေပြည်တော်မှာ မြန်မာ ဒု-သမ္မတနဲ့ တခြား ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ EU ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ကြပါတယ်။
EU အဖွဲ့ဟာ မြန်မာစစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာပြည်ကို ပြစ်ဒဏ်ခတ် အရေးယူမှုတွေ လုပ်ထားတာပါ။ မကြာခင်ကပဲ အရေးယူမှု သက်တမ်း နောက်တနှစ် ထပ်တိုးခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အရပ်သား ဝန်ကြီးတချို့ EU ဥရောပသမဂ္ဂ နိုင်ငံတွေကို ဝင်ထွက် သွားလာနိုင်အောင် အရင်က ပိတ်ပင်ထားတဲ့ ပြည်ဝင်ခွင့် ဗီဇာတွေ ပြန်ဖွင့်ပေးခဲ့ပါတယ်။