ရခိုင်ပြည်နယ်အရေးကိစ္စကိုအကြောင်းပြပြီး မြန်မာနိုင်ငံကိုပေးထားတဲ့ကုန်သွယ်ရေးအထူးအခွင့်အရေးတွေကို ဥရောပသမဂ္ဂ-EU ကရုပ်သိမ်းတာဟာပဋိပက္ခကိုနည်းမှန်လမ်းမှန်အဖြေရှာတာမဟုတ်ဘူးဆိုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-CTUM တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ CTUM အဖွဲ့တွေဟာဒီကနေ့ မြန်မာနိုင်ငံကိုရောက်နေတဲ့အီးယူဥရောပသမဂ္ဂကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပါတယ်။အပြည့်အစုံကိုဗွီအိုအေမြန်မာပိုင်းသတင်းထောက်ကိုဇော်ထက်ပေးပို့ထားပါတယ်။
ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သတ်ပြီးတုံ့ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံကိုပေးထားတဲ့ကုန်သွယ်ရေးဆိုင်ရာအထူးအခွင့်အရေးတွေရပ်ဆိုင်းဖို့ဥရောပသမဂ္ဂအီးယူကစဉ်းစာနေတာဟာတရားမျှတမှုမရှိဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်CTUM ဥက္ကဋ္ဌဦးမောင်မောင်ကပြောပါတယ်။
“ဒီလိုwithdraw လုပ်တာနဲ့တခြားဖြစ်နေတဲ့ကိစ္စက ပျောက်သွားမလားဆိုတော့ကျွန်တော်ကအနာတခြား၊ ဆေတခြားဖြစ်နေတယ်လို့ကျွန်တော်ကပြောတာပါ။အရင်ဆုံးဘာလို့အထည်ချုပ်လုပ်ငန်းထိမှာလဲဆိုတော့အထည်ချုပ်ကဏ္ဍကကျွန်တော်တို့ကဥရောပကလာပြီးအပ်တာတွေများတယ်။Brandတွေများတယ်။ဥပမာဆိုရင်h&m တို့Shigo တို့ကလေးတွေ၊လူငယ်တွေဝတ်တဲ့အဝတ်အစားအဲဒီလုပ်ငန်းတွေရုတ်တရက်ကြီးပြန်ထွက်သွားမယ်ဆိုရင်ကျွန်တော်တို့လူတွေအလုပ်ကပြုတ်ကုန်မယ်။ဒီအလုပ်ပြုတ်တဲ့သူတွေဟာ ပြောရမယ်ဆိုရင်ကျွန်တော်တို့လှိုင်သာယာထဲမှာရခိုင်အမျိုးသားလေးတွေလူငယ်တွေအမျိုးသမီးတွေငါးသောင်းလောက်ရှိတယ်။စက်ရုံမှာအနည်းဆုံး။သူတို့သည်သူတို့ဒေသမှာဖြစ်လို့အလုပ်အကိုင်မရှိလို့ရန်ကုန်မှာလာပြီးအလုပ်ရှာတဲ့ကိစ္စကထပ်ပြီးတော့အလုပ် ပြုတ်ရဦးမှာလားဗျာ။ကျွန်တော်ထင်တယ်this is not fair ဒါကမတရားဘူးလို့ကျွန်တော်ထင်တယ်။ဒါကြောင့်မို့ဒီမှာလာပြီးတော့စီးပွားရေးအထူးအခွင့်အရေး ပြန်ရုပ်သိမ်းတာဟာအနာတခြား ဆေးတခြားဖြစ်နေတယ်။ဟိုဘက်မှာဖြစ်ရတဲ့ဟာကိုသွားပြီးတော့တိတိကျကျထပ်ပြီးတော့လုပ်ဖို့လိုတယ်လို့ကျွန်တော်ကပြန်ပြီးပြောချင်ပါတယ်”
တကယ်လို့အီးယူဘက်ကဒါကိုရုပ်သိမ်းလိုက်မယ်ဆိုရင် မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကိုသာမကအထည်ချုပ်အလုပ်သမား၄သိန်းလောက်ကိုထိခိုက်လာနိုင်တယ်လို့လည်းCTUM ဥက္ကဋ္ဌဦးမောင်မောင်ကဆိုထားတာပါ။ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ဟာဒီနေ့ အောက်တိုဘာ၂၉မနက်ပိုင်းမှာပဲအလုပ်သမားသမဂ္ဂတွေဖြစ်တဲ့CTUM နဲ့MICSပြီးတော့အလုပ်သမားကိုယ်စားလှယ်တွေကို တွေ့ဆုံခဲ့ပါသေးတယ်။
အထူးကုန်သွယ်ခွင့်ကိုအီးယူကရပ်ဆိုင်းလိုက်မယ်ဆိုရင် မြန်မာနိုင်ငံလိုအခွင့်အရေးရထားတဲ့တခြားနိုင်ငံတွေရဲ့ အမြတ်ထုတ်တာခံရနိုင်တယ်လို့ မြန်မာနိုင်ငံစက်မှု၊လက်မှုနှင့်ကုန်ထုတ်လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်MICS ဒုဥက္ကဋ္ဌဦးနော်အောင်ကပြောပါတယ်။
“အဓိကအထူးအခွင့်အရေးပေးထားတာက မြန်မာတစ်နိုင်ငံတည်းမဟုတ်ပါဘူး။ ဥပမာ- ဗီယက်နမ်ပေးထားတယ်။ဆိုတော့ကမ္ဘောဒီးယားပေးထားတယ်။အခုကမ္ဘောဒီးယားနဲ့ ကျွန်တော်တို့နိုင်ငံကိုစဉ်းစားနေတာ ရုပ်သိမ်းမလား၊မရပ်သိမ်းဘူးလားဆိုတာ ဒီနှစ်နိုင်ငံကိုစဉ်းစားတာပေါ့ဗျာ။ ဆိုတော့ကမ္ဘောဒီယားကလည်းသူ ရွေးကောက်ပွဲမှာအတိုက်အခံတွေကိုနှိပ်ကွပ်ဆိုပြီးတော့မှ သူတို့ကရုပ်သိမ်းမယ်ပေါ့ဗျာ။ ကျွန်တော်တို့နိုင်ငံကျတော့ရခိုင်အရေး၊ ကချင်အရေးနဲ့ ပတ်သတ်ပြီးတော့မှရုပ်သိမ်းမယ်ပေါ့ဗျာ။ဆိုတော့အထူးကုန်သွယ်ခွင့်ပေးထားနဲ့နိုင်ငံတွေက နောက်ဆုံးတော့ဘာဖြစ်မလဲဆိုရင်အဲဒီအထူးကုန်သွယ်ခွင့်ရထားတဲ့နိုင်ငံတွေကကျွန်တော်တို့ကိုခေါင်းပုံဖြတ်သွားလိမ့်မယ်ပေါ့ဗျာ။ကျွန်တော်တို့ဆီမှာတော့ချုပ်တယ်ဒါပေမဲ့ကျွန်တော်တို့ချုပ်တဲ့ ကွာလတီက ဥရောပကွာလတီဖြစ်တယ်သို့ပေမဲ့ကျွန်တော်တို့က အဲဒီနိုင်ငံကို သွားရတယ် အဲနိုင်ငံရောက်ရင်တံဆိပ်ရိုက်တယ်။ ဥရောပကိုပို့တယ်၊ဟို(EU)ကိုရောက်ရင် freeဖြစ်မယ်။ အဲနိုင်ငံကိုပို့တဲ့ပွဲစားခတွေဘာတွေအဲနိုင်ငံကအသားလွတ်ထိုင်ယူသွားမှာပေါ့ဗျာ။ ဈေးကွက်တစ်ခုရှိတာနဲ့ နှစ်ခုရှိတာကျွန်တော်တို့ မတူဘူးပေါ့ဗျာ ဥပမာကျွန်တော်တို့က တရုပ်ဈေးကွက်တစ်ခုပဲပို့ရတယ် ဆိုပါစို့ကျွန်တော်တို့ ဥရောပဈေးကွက်တစ်ခုတိုးလာတာ ပိုမကောင်းပေဘူးလားဗျာ။ ဈေးကွက်ရဲ့ပေးနိုင်စွမ်းပေါ့ဗျာ ကျွန်တော်တို့ ထင်ပါတယ် ဥရောပကပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။”
ဥရောပသမဂ္ဂအီးယူက ကုန်သွယ်ရေး အထူးအခွင့်အရေးတွေကို ၂၀၁၃နှစ်ကုန်ပိုင်းက စပြီး ပေးအပ်ခဲ့တာပါ။ အဲဒီနောက်ပိုင်း မြန်မာနိုင်ငံက ဥရောပကိုပို့တဲ့ ပို့ကုန်အားလုံးရဲ့ ၇၁ရာခိုင်နှုန်းလောက်ဟာအထည်ချုပ်လုပ်ငန်းကပို့ကုန်တွေ ဖြစ်လာခဲ့ပါတယ်။
အထည်ချုပ်လုပ်ငန်းကဆက်ပြီးတိုးတက်နေဦးမယ်ဆိုရင်၂၀၂၀လောက်မှာ အလုပ်အကိုင်တစ်သန်းခွဲကျော်နဲ့ ပြည်ပပို့ကုန်တန်ဖို းအမေရိကန်ဒေါ်လာ ၁၀ဘီလီယံလောက်ထိရောက်နိုင်တယ်လို့စီးပွားရေးပညာရှင်တချို့ကခန့်မှန်းထားကြပါတယ်။
ဒီနှစ်အတွင်းမှာလည်း အထည်ချုပ်လုပ်ငန်းကနေ ဥရောပကိုပို့တဲ့ပို့ ကုန်ပမာဏ ဒေါ်လာသန်းသုံးထောင်ဘိုးလောက်အထိရှိမယ်လို့လုပ်ငန်းရှင်တွေကခန့်မှန်းထားကြပါတယ်။ဒီအချိန်မှာပဲ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အကြောင်းပြုပြီး မြန်မာနိုင်ငံအပေါ်ပေးထားတဲ့ကုန်သွယ်ရေးအထူးအခွင့်အရေး၊အခွန်ကင်းလွတ်ခွင့်တွေကို ပြန်ရုပ်သိမ်းဖို့စဉ်းစားနေတယ်ဆိုပြီးအီးယူအရာရှိတွေက ပြောဆိုလာတာဖြစ်ကြောင်းပါ။