သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD လူမှုရေးလုပ်ငန်း EU စူးစမ်း


NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လူမှုရေး လုပ်ငန်းတွေကို EU ဥရောပသမဂ္ဂက ကိုယ်စားလှယ်တွေ စူးစမ်းခဲ့ပါတယ်။ ရန်ကုန်မှာရှိတဲ့ EU ကိုယ်စားလှယ်တွေနဲ့ ထိုင်းနိုင်ငံကနေ ရောက်လာကြတဲ့ EU ကိုယ်စားလှယ်ပေါင်းပြီး NLD အကြီးအကဲတွေကို ဒီကနေ့ နေ့လယ်ပိုင်းက ဂျာမနီသံရုံးမှာ တွေ့ဆုံခဲ့ကြတာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ တခြား ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၂ ယောက်ဖြစ်ကြတဲ့ ဦးဝင်းတင်နဲ့ ဦးဟံသာမြင့်တို့ ဒီကနေ့ နေ့လယ်ပိုင်းက ဂျာမဏီသံရုံးမှာ EU ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ကြတာပါ။ အခုလို တွေ့ဆုံတဲ့နေရာမှာ NLD က ရွေးကောက်ပွဲဝင်ရေး မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့ နောက်ပိုင်း လူမှုရေး လုပ်ငန်းတွေသာ ဦးစားပေး လုပ်ဆောင်မယ်လို့ ပြောထားတာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး EU ကိုယ်စားလှယ်တွေက စူးစမ်း မေးမြန်းခဲ့ကြတာပါ။ အဲဒီလို မေးမြန်းချက်တွေကို NLD ဘက်က ပြန်လည် ဖြေကြားခဲ့တာနဲ့ ပတ်သက်လို့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက အခုလို ပြန်ပြောပြပါတယ်။

“အဓိပ္ပာယ်ကတော့ဗျာ နိုင်ငံရေးပဲ လုပ်မယ်ဆိုတဲ့ သဘောပေါ့။ ဒါပေမဲ့ လူမှုရေးနဲ့ ဆက်စပ်နေတဲ့ဟာပါပဲ။ အဲတော့ လူမှုရေး၊ နိုင်ငံရေးဆိုတဲ့ သဘောပဲ။ ကျနော်တို့လည်း ဥပမာနဲ့ ပြောလိုက်တယ်။ သူတို့လည်း လက်ခံသွားပါတယ်။ အဲဒါ ဘာလဲဆိုတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဆုံးရှုံးတဲ့ကိစ္စတွေ ပြောလာတာကို ကျနော်တို့က ဒါဟာ အရင်ဆောင်ရွက်ပေးတဲ့ဟာတွေ အတိုင်းပဲ လှုပ်ရှား ဆောင်ရွက်သွားမယ်ဆိုတာ ရှိတယ်။ ပြီးတော့ ကလေးစစ်သား စုဆောင်းရေးနဲ့ ပတ်သက်တာ၊ အဲဒါလည်း လူမှုရေးပဲ၊ သို့သော် ဒါ နိုင်ငံရေး ပတ်သက်တယ်။ ပြီးတော့ အဓမ္မ လုပ်အားပေး ကိစ္စတွေနဲ့ ပတ်သက်တာ၊ အဲဒါလည်း လူမှုရေးပဲ၊ နိုင်ငံရေးပဲ။ ဒါတင်မကသေးဘူး လယ်ယာမြေတွေနဲ့ ပတ်သက်လို့ သိမ်းတာဆည်းတာ ဘာညာ အဲဒါတွေလည်း နိုင်ငံရေးပဲ။ အဲဒါတွေ ဝင်လုပ်မယ်။

“သူတို့ကမေးတယ်၊ ဒီဟာတွေနဲ့ ပတ်သက်လို့ ပြည်သူလူထုတွေရဲ့ ယုံကြည် ထောက်ခံမှုက ရှိရဲ့လား၊ ရှိမှာလားဆိုတော့ ကျနော်တို့က လုံး၀ ယုံကြည်တယ်လို့ ပြောလိုက်တယ်။ ရှိတယ်၊ ဒါနဲ့ပတ်သက်လို့ အခုထက်ထိ လုပ်နေတာ ထိရောက်တယ်။ အဲဒါတွေ ကျနော်တို့ ပြောတယ်။ အခုလည်း လာလျက်၊ လုပ်လျက်၊ ကိုင်လျက်ပဲလို့။ ပြည်သူလူထုတွေရဲ့ ယုံကြည်မှု၊ အားကိုးမှုက တစက်ကလေးမှ မလျော့ဘူးဆိုတဲ့ အကြောင်းတွေလည်း နားလည်အောင် ပြောလိုက်တယ်။”

NLD ရဲ့ လုပ်ငန်းတွေကို EU ဘက်က ကူညီနိုင်အောင် လက်ရှိ လုပ်ကိုင်နေတဲ့ လုပ်ငန်း အသေးစိတ်တွေကို ရှင်းလင်း ပြောပြခဲ့တယ်လို့ ဦးတင်ဦးက ဆက်ပြောပါတယ်။

“ဒါတွေကတော့ နိုင်ငံရေးနဲ့ ပတ်သက်တာ၊ ကျနော်တို့လုပ်တာနဲ့ ပတ်သက်လို့ ပြောတယ်လေ။ ဒါနဲ့ပတ်သက်လို့ ခင်ဗျားတို့ဘက်က နေပြီးတော့ ကူညီစရာရှိတာ၊ လုပ်ပေးစရာရှိတာ အားလုံးကို ကူညီထောက်ပံ့နိုင်အောင်၊ ကူညီနိုင်တဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်ပါ။ ဒါတွေတော့ ပြောလိုက်တယ်ဗျ။ သူတို့ ဒါနဲ့ ပတ်သက်လို့ Facts Finding သဘောပဲပေါ့။ သူတို့ ဒါတွေ မှတ်သားတယ်၊ ပြောတယ်။ သူတို့ နားလည်လွယ်အောင်တော့ ကျနော်လည်း ပြောလိုက်တာပဲလေ။ အရှည်ကြီး၊ အများကြီး ပြောပါတယ်။”

ရွေးကောက်ပွဲမှာ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်ပြီး နောက်ပိုင်း NLD ရဲ့ ရပ်တည်ချက်၊ ရည်းမှန်းချက်တွေနဲ့ ပတ်သက်လို့ မေးလာတာတွေကိုလည်း အသေအချာ ပြန်လည်ရှင်းလင်း ပြောပြခဲ့တယ်လို့ ဦးတင်ဦးက ပြောပါတယ်။

“ကျနော် NLD နဲ့ ပတ်သက်တာ အခုလို ရွေးကောက်ပွဲ ဘာကြောင့် မဝင်တာလဲပေါ့။ အဲဒါကို သူတို့က ခါတိုင်းမေးသလိုပဲ။ ကျနော်တို့ အားလုံးကလည်း အရှည်ကြီး ရှင်းပြရတာပေါ့ဗျာ။ မဝင်တဲ့အကြောင်းနဲ့ ပတ်သက်တာ အားလုံးကို အကုန် အဓိက ရှင်းပြတယ်။ နောက်ဆက်တွဲ မေးတာက ရှေ့ဆက်ပြီး NLD နဲ့ ပတ်သက်ပြီးတော့ ရပ်တည်သွားဖို့ဟာအတွက် ဘယ်လိုလုပ် ရပ်တည်မလဲ။ ဒါတွေလည်း ခါတိုင်း ရှင်းပြသလိုပဲ ကျနော်တို့ ရပ်တည်နိုင်မယ့် နည်းလမ်းတွေ အကုန်လုံး ရှင်းပြပါတယ်။ NLD ဘယ်လောက်ပဲ သူတို့က မရှိဘူးပြောပေမဲ့ ကျနော်တို့ကတော့ NLD ရှိတယ်ပေါ့၊ ဒါပေါ့။

“ရှိတဲ့အကြောင်းကလည်း အရင်တုန်းက ရွေးကောက်ပွဲတွေမှာ အရွေးခံရတာက စပြီးတော့ ကျနော်တို့ အခိုင်အမာ ရပ်တည်ပြီး လုပ်ခဲ့တာတွေ အားလုံးအပြင် တွေ့ကြုံခဲ့ရတာတွေ အားလုံး၊ အကျပ်အတည်းတွေ အားလုံး အဲဒါတွေ ကျနော်တို့ ကျော်လွှားလာခဲ့ပြီးတော့ ကြိုးစားပြီး လာခဲ့တာပဲ။ NLD ရွေးကောက်ပွဲ မဝင်တာနဲ့ ပတ်သက်ပြီး တရားမျှတမှု မရှိတာတွေ ဘာတွေ အားလုံးပေါ့ဗျာ၊ ဒါတွေ အကျဉ်း ကျနော်တို့ ထပ်ပြောလိုက်တယ်။ ဒါတွေ အပေါ်မှာတော့ သူတို့ သဘောပေါက်တယ်။ သူတို့ ဒါ နားလည်တဲ့သဘော ရှိတယ်ပေါ့။”

EU ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဖို့အတွက် NLD က ကိုယ်စားလှယ် ၅ ယောက်ကို ဖိတ်ကြားခဲ့ပေမဲ့ ၃ ယောက်သာ သွားရောက် တွေ့ဆုံနိုင်ကြတယ်လို့ ဦးတင်ဦးက ပြောပါတယ်။

EU ဘက်ကတော့ အိမ်ရှင်အဖြစ် လက်ခံတွေ့ဆုံတဲ့ ဂျာမဏီသံရုံး အရာရှိတွေအပြင် ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ဒိန်းမတ်၊ ဖင်လန်၊ နယ်သာလန်၊ ချက်သမ္မတနိုင်ငံနဲ့ သြစတြီးယား အစရှိတဲ့ နိုင်ငံတွေက ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ ဂျာမဏီနိုင်ငံဟာ ဌာနေ EU သံရုံးတွေရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာမို့ ဂျာမနီသံရုံးမှာပဲ တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။

XS
SM
MD
LG