မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်အကဲဖြတ်တဲ့ EU ဥရောပသမဂ္ဂအဖွဲ့တွေရဲ့ မြန်မာပြည် ခရီးစဉ် ပြီးဆုံး သွားပါပြီ။ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ မြန်မာ ပြည်ကို သွားရောက်လေ့လာခဲ့တဲ့ ဥရောပသမဂ္ဂနဲ့ ဥရောပ သမဂ္ဂရဲ့ ပြည်ပရေးရာဌာနက အဆင့်မြင့်အရာရှိတွေရဲ့ခရီးစဉ် အဆုံးသတ်ခဲ့ပြီး ဥရောပကိုပြန်ရောက်လာပါပြီ။
ကုလသမဂ္ဂကထုတ်ပြန်တဲ့ အစီရင်ခံစာတွေအရ ရခိုင်၊ ကချင်နဲ့ရှမ်းပြည် နယ်တွေအတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိနေတယ်ဆိုတာနဲ့ အလုပ်သမား အခွင့်အရေးတွေ ကလည်း စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်ဆိုတာကြောင့် ဒီအခြေအနေတွေ ဘယ်လိုရှိသလဲဆိုတာကို မြန်မာနိုင်ငံအတွင်း EU အဖွဲ့ က အဆင့်မြင့် ကိုယ်စားလှယ်တွေ သွားရောက်လေ့လာခဲ့ကြတာပါ။ သူတို့ရဲ့မြန်မာပြည်ခရီးစဉ်အတွင်း အဓိကထား လေ့လာခဲ့တဲ့အချက်တွေကတော့ နိုင်ငံတကာဥပဒေတွေကို ချိုးဖေါက်မှုတွေ ရှိမရှိ၊ ရှိခဲ့ရင်လည်း ချိုးဖေါက်သူတွေကို အရေးယူမှုရှိ မရှိ၊ ကုလသမဂ္ဂရဲ့အထူး လုပ်ငန်း စဉ်တွေ နဲ့ သတ်မှတ် ချက်တွေမှာ ပူးပေါင်းဆောင်ရွက်မှုရှိမရှိ၊ ပဋိပက္ခဖြစ်ပွါးမှုဒဏ်ခံ ခဲ့ရတဲ့ လူမှုအသိုင်းအဝိုင်းအတွက် လူသားချင်းစာနာမှုအကူအညီတွေကို ထိမ်းချုပ်မှုတွေ ရှိမရှိ၊ နိုင်ငံအတွင်းအိုးအိမ်စွန့်ခွါ တိမ်းရှောင်နေရသူတွေရဲ့ အခြေအနေလုံခြုံမှုရှိမရှိ၊ ဒုက္ခသည်တွေ နေရပ်မှာရေရှည်ပြန်ပြီးအခြေချနိုင်ဖို့ လုံခြုံစိတ်ချမှု ရှိ မရှိ၊ သတင်း လွတ်လပ်ခွင့်၊ အလုပ်သမားအခွင့်အရေး၊ ခွဲခြားဆက်ဆံမှုနဲ့ အမုန်းပွါးစေတဲ့ ပြောဆိုမှု စတာတွေပဲဖြစ်ပါ တယ်။
ဥရောပသမဂ္ဂကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ အရပ်ဘက် လူမှု အဖွဲ့အစည်း၊ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ၊ အလုပ်သမားသမဂ္ဂနဲ့ စီးပွါးရး အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။
သူတို့အဖွဲ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ တွေ့ရှိခဲ့တဲ့အချက်အလက်တွေကို ဆန်းစစ် သုံးသပ် မှာဖြစ်ပြီး မြန်မာနိုင်ငံနဲ့EU ဥရောပ သမဂ္ဂတို့ရဲ့အနာဂတ်ဆက်ဆံရေး အတွက် ဘယ်လိုဆက်ပြီးလုပ်ဆောင်မလဲဆိုတာကို စီစဉ်မှာဖြစ်ပါတယ်။