သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ ခွဲဝေ လက်ခံရေး ဥရောပ ပါလီမန် အတည်ပြု


ဟန်ဂေရီရဲတွေနဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ။ (စက်တင်ဘာ ၁၆၊ ၂၀၁၅)
ဟန်ဂေရီရဲတွေနဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ။ (စက်တင်ဘာ ၁၆၊ ၂၀၁၅)

ဥရောပနိုင်ငံတွေထဲ ခိုလှုံဖို့ ကြိုးစားကြတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေ ကနဦးရောက်ရှိ လာကြတဲ့ EU နိုင်ငံတွေမှာ ဒုက္ခသည်တွေ စုပြုံနေတာကို ဖြေရှင်းဖို့ ကြိုးစားတဲ့ အနေနဲ့ EU ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကြား ဒုက္ခသည် တသိန်း ၂ သောင်းလောက်ကို ခွဲဝေ လက်ခံဖို့ အစီအစဉ်ကို ဥရောပ လွှတ်တော်က ထောက်ခံခဲ့ပါတယ်။

EU လွှတ်တော် အမတ်တွေဟာ ဒီကနေ့ ကြာသပတေးနေ့မှာ ထောက်ခံမဲ ၃၇၂ မဲ၊ ကန့်ကွက်မဲ ၁၂၄ မဲ၊ ကြားနေ ၅၄ မဲနဲ့ အတည်ပြုပေးခဲ့ တာ ဖြစ်ပါတယ်။ နောက် တဆင့် အနေနဲ့ EU ပြည်ထဲရေးဝန်ကြီးတွေက ဒါကို အတည်ပြုပေးရမှာ ဖြစ်ပြီး အတည်ပြုပေး တာဟာ ဥရောပ အရှေ့ပိုင်းနိုင်ငံတွေ ဘက်က ဆန့်ကျင်နေတဲ့ အနေထားကို ပြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။

သြစတြီးယား ဝန်ကြီးချုပ် Werner Faymann က Slovenia ဝန်ကြီးချုပ်နဲ့ ဒီကနေ့ Slovenia နိုင်ငံမှာ တွေ့ဆုံဆွေးနွေးပြီး EU ဥရောပ သမဂ္ဂက ဒုက္ခသည်တွေ အရေး အရေးတကြီး ဦးစားပေး လုပ်ဆောင်ဖို့ ပန်ကြားလိုက်ပါတယ်။

ခရိုရေးရှား ဝန်ကြီးချုပ် Zoran Milanovic ဟာ သြစတြီးယား ဝန်ကြီးချုပ် Werner Faymann နဲလည်း့ ဒီကနေ့ Zagrebမှာ တွေ့ဆုံပြီး ဒီပြဿနာကို ဆွေးနွေးနေကြပါတယ်။ ခရိုရေးရှား ဝန်ကြီးချုပ်က ဒီဒုက္ခသည်တွေ သူတို့နိုင်ငံကို ဖြတ်သန်းခွင့်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ဟန်ဂေရီက ဆီးရီးယားနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသကို ပိတ်ပစ်လိုက်ချိန်ကစပြီး Croatia နိုင်ငံထဲကို ရွှေ့ပြောင်းဒုက္ခသည် ၅၆၀၀ လောက် ဝင်ရောက်လာတယ်လို့ Croatia ကပြောပါတယ်။ တချိန်ထဲမှာပဲ ခိုလှုံခွင့်တောင်းခံဖို့ ကြိုးစားကြတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေ အပေါ် ဟန်ဂေရီနိုင်ငံရဲ့ ဆက်ဆံမှုဟာ လက်ခံနိုင်စရာမရှိဘူးလို့ ကုလသမဂ္ဂက ရှုံ့ချနေတာ ဖြစ်ပါတယ်။

ခရိုရေးရှားနိုင်ငံဟာ ထောင်ချီတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ လာရောက်မှာကို အဆင်သင့်ဖြစ်နေပေမယ့် သောင်းချီ တဲ့ ဒုက္ခသည်တွေ အတွက်တော့ တတ်နိုင်မှာ မဟုတ်ဖူးလို့ ခရိုရေးရှား နိုင်ငံခြားရေးဝန်ကြီး Vesna Pusic က မနေ့ကပဲ ပြောကြားခဲ့ပါတယ်။

ဟန်ဂေရီရဲတွေက ဆာဗီးယားနယ်စပ်မှာ ရာနဲ့ချီတဲ့ ဒုက္ခသည်တွေကို မျက်ရည်ယိုဗုံးနဲ့ ပစ်ပြီး မီးသတ်ပိုက်နဲ့ ရေပက်ဖြန်း လူစုခွဲခဲ့တဲ့ နောက်ပိုင်း ဟန်ရေရီရဲ့ လုပ်ရပ်ကို မနေ့ကပဲ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းက ရှုံ့ချပြစ်တင်ခဲ့တာ ဖြစ်ပြီး သူတို့ဟာ စစ်ဘေးရှောင်လာသူတွေမို့ လူ့သိက္ခာကို လေးစားဖို့ ပြောပါတယ်။

ဆာဗီးယား ဝန်ကြီးချုပ် Aleksandar Vucic ကလည်း ဟန်ဂေရီဟာ ဒုက္ခသည်တွေ အပေါ် ရက်ရက်စက်စက် ပြုမူတယ်လို့ ပြောပြီး ရှုံ့ချခဲ့ပါတယ်။ ဟန်ဂေရီကတော့ ဒုက္ခသည်တွေဟာ နယ်စပ်စည်းရိုးကို အတင်းဖြတ်ကျော် ဝင်ရောက်ခဲ့တာမို့ ဒါဟာ နိုင်ငံ့အတွက် အန္တရာယ်ရှိတဲ့ သဘော သက်ရောက်နေတယ်လို့ ပြောပါတယ်။

XS
SM
MD
LG