သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတွက် Euro သန်း (၇၀)EU နောက်ထပ်ထောက်ပံ့မည်


EU Myanmar Aid
EU Myanmar Aid

EU ဥရောပသမဂ္ဂ က မြန်မာနိုင်ငံမှာ ဆင်းရဲမှုလျှော့ချရေး၊ အစားအစာနဲ့ အဟာရဓါတ်ဖူလုံမှုရှိစေဖို့၊ တရားဥပဒေ စိုးမိုးရေး ပိုမိုကောင်းမွန်စေဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မြန်မာကျပ်ငွေ ၁၀၀ ဘီလီယံ နီးပါးနဲ့ ညီမျှတဲ့ Euro ငွေ သန်း ၇၀ ထပ်တိုး အကူညီ ပေးမှာ ဖြစ်တဲ့ အကြောင်း၊ EU ဥရောပသမဂ္ဂက တနင်္လာနေ့ က ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကို ခေတ်မှီတဲ့ ရဲတပ်ဖွဲ့ဖြစ်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ပေးနေတာဆက်လက် ပံ့ပိုးသွားမှာ ဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် ပြုပြင်ပြောင်းလဲရေးတွေ စတင်ကတည်းက EU အနေနဲ့ အရေးယူ ပိတ်ဆို့ထားတာတွေကို ပြန်ဖွင့် ပေးခဲ့သလို ထောက်ပံ့ ကူညီမှုတွေ ပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Roland Kobia က ပြောပါတယ်။ ယူရိုငွေ သန်း ၂၀ ကို ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး အစားအစာနဲ့ အဟာရဓါတ် ဖူလုံရေးအတွက် MYSAP လို့ခေါ်တဲ့ ရေရှည်တည်တံ့မယ့် မွေးမြူရေး လုပ်ငန်း အစီအစဉ်သစ် အတွက် အသုံးပြုမှာ ဖြစ်ပြီး ဒီအစီစဉ်အရ ရေချိုဒေသ မွေးမြူရေး လုပ်ငန်းတွေအပြင် ကမ်းရိုးတန်းဒေသတွေမှာ ပုဇွန်မွေးမြူရေးလုပ်ငန်းတွေနဲ့ လမုတောတွေပြန်လည် စိုက်ပျိုးရေး စတာတွေ ပါဝင်ပါတယ်။ ဒီအစီအစဉ်အရ၊ လူမှုရေး နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တာဝန်သိရင်းနှီးမြှပ်နှံမှုကို အသေးစားရင်း နှီးမြှုပ်နှံရှင်တွေ လည်းပါဝင်လုပ်ဆောင်ခွင့်ရကြမှာဖြစ်ပါတယ်။

ယူရိုငွေ သန်း ၃၀ ကိုတော့ တရားဥပဒေစိုးမိုးမှုရှိရေး၊ ခေတ်မှီရဲတပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရေး၊ နိုင်ငံတကာ စံနှုန်း တွေနဲ့အညီ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ် ခွင့်တွေကို လေးစားလိုက်နာမှု ရှိအောင် ဆောင်ရွက်ရေး စတာတွေမှာ အသုံးပြုမယ်လို့ ဆိုပါတယ်။ နောက် ယူရိုငွေ သန်း ၂၀ ကိုတော့ လက်ရှိ လုပ်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်မှုတွေ၊ ဆွေးနွေးမှုတွေနဲ့ ပဋိပက္ခဖြစ်ပွါးနေတဲ့ဒေသ တွေပြန်လည်ထူထောင်ရေး စတာတွေအတွက် အထောက်အပံ့ ပေးမှာ ဖြစ်ကြောင်း EU ရဲ့ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

XS
SM
MD
LG